ခေတ်သစ်ကျွန်စနစ်ကို ပုံဖော်နေသည့် လူကုန်ကူးအန္တရာယ်

ခေတ်သစ်ကျွန်စနစ်ကို ပုံဖော်နေသည့် လူကုန်ကူးအန္တရာယ်

မိသားစု စားဝတ်နေရေးအတွက် မျှော်လင့်ချက်တစ်ခုနဲ့ တရုတ်ပြည်ကို မသက်မာ(အမည်လွှဲ) တစ်ယောက် လိုက်ပါခဲ့ပါတယ်။ဒါပေမဲ့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေက သူတွေးထင်သလို မဖြစ်ခဲ့ဘဲ ဘဝမုန်တိုင်းထန်တဲ့နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရပါတော့တယ်။

''တရုတ်ပြည်မှာ အိမ်အကူအလုပ်ရမယ်။ တစ်လကို ၁၈ သိန်းရမယ်လို့ မိတ်ဆွေတစ်ယောက်က စပ်ပေးလို့ လိုက်ဖို့သဘောတူခဲ့တယ်။ လိုက်မယ်ဆိုရင် အိမ်ကို လောလောဆယ်သုံးဖို့ ငွေ နှစ်သိန်းပေးမယ်ပြောတယ်။ တဒင်္ဂတော့ပြေလည်သွားတယ်။ နောက်ရမယ့် ပိုက်ဆံတွေ လွှဲပေးလို့ရတယ်လို့ ပြောတယ်'' လို့ သူက လူကုန်ကူးမုဆိုးတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ခရီးအစကို ပြန်ပြောပြပါတယ်။မသက်မာနဲ့ ပွဲစားအမျိုးသမီးတို့က အောင်မင်္ဂလာအဝေးပြေးကားဝင်းကနေ ရွှေလီထိကို ကားနဲ့သွားခဲ့ကြပါတယ်။

''နယ်စပ်ဂိတ်ပေါက်နားမှာ တရုတ်အမျိုးသားတစ်ဦးနဲ့ တရုတ်စကားပြောနိုင်တဲ့ ဗမာအမျိုးသမီးတစ်ဦး လာကြိုတဲ့ကားနဲ့လိုက်သွားတယ်။ တစ်ရက် ကျော်ကျော်လောက်ကားစီးပြီးတော့မှ သူတို့နေတဲ့ မြို့ကိုရောက်တယ်။ ဗမာစကားပြောတတ်တဲ့ အမျိုးသမီးက ရန်ကုန်ကခေါ်လာတဲ့ အမျိုးသမီးကို တရုတ်ပိုက်ဆံ ယွမ်ငွေတွေပေးတာလည်းမြင်တယ်။အဲဒီအမျိုးသမီးက ဒီမှာကောင်းကောင်း အလုပ်လုပ်ဖို့ မှာပြီး ပြန်သွားတယ်။ အိမ်ကိုလည်းသူ ငွေ ၁ဝ သိန်း ပေးလိုက်မယ်လို့ ပြောတယ်''ပွဲစားအမျိုးသမီးပြန်သွားပြီး သိပ်မကြာခင်မှာပဲ မသက်မာကို တရုတ်ဆေးခန်းတစ်ခုကို ခေါ်သွားပြီး သွေးစစ်ကြတယ်။

''နှစ်ရက်လောက်နေတော့ တရုတ်အမျိုးသားတစ်ယောက် လာခေါ်တယ်။ ဗမာစကားပြောတတ်တဲ့ အမျိုးသမီးက လာခေါ်တဲ့သူနဲ့ လိုက်သွား ဖို့ ပြောမှ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခံရမှန်းသိလိုက်တယ်။ သူက မလိုက်သွားချင်ရင် လမ်းစရိတ်နဲ့ ဒီကို ခေါ်လာတဲ့ စရိတ်တွေ အကုန်ပြန်လျော်ပြီးမှ မြန်မာပြည်ကို ပြန်လို့ရမယ်လို့ပြောတယ်။ မတတ်နိုင်တဲ့အဆုံး လာခေါ်တဲ့ တရုတ်နဲ့လိုက်သွားခဲ့ရတယ်။ အဲဒီအိမ်မှာ တစ်လလောက်အကြာမှာထွက်ပြေးခဲ့ပြီး တရုတ်ရဲစခန်းကို အကူအညီတောင်းပြီး မြန်မာပြည်ထဲကို ပြန်ရောက်ခဲ့တယ်'' လို့ ၂ဝ၁၇ ခုနှစ်၊ မတ်လမှာ တရုတ်နိုင်ငံမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည့် လှိုင်သာယာမြို့နယ်နေ မသက်မာ(အမည်လွှဲ)က သူ့ရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

လူမှုစီးပွား မပြေလည်မှုများစွာကို ကြုံတွေ့နေရတဲ့ မသိနားမလည်သူတွေကို ငွေမက်လုံးပေးပြီး အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရာဇဝတ်မှုလို့ သတ်မှတ်ထားတဲ့ လူကုန်ကူးမှုကို မြန်မာနိုင်ငံက ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်မှာ ဥပဒေပြဌာန်းပြီး အရှိန်မြှင့်တိုက်ဖျက်ခဲ့ပါတယ်။ဒါပေမဲ့လည်း လူကုန်ကူးသူတွေရဲ့ သားကောင်ဘဝကို ရောက်ရှိနေရသူတွေ အများအပြားရှိနေဆဲဖြစ်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီးနောက် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ လူကုန်ကူးခံရသူ ၃,၈၄၉ ဦးရှိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၏ စာရင်းတွေကဖော်ပြနေပါတယ်။မြန်မာနိုင်ငံအတွင်း နှစ်စဉ် လူကုန်ကူးခံရသူ ၂ဝဝ နှင့် ၃ဝဝ ထက်မနည်းရှိပြီး ယခင်ကတရုတ်နိုင်ငံသို့ လူကုန်ကူးမှုကျူးလွန်ခံရသူ အများစုမှာ အငှားကိုယ်ဝန်ဆောင်အဖြစ် လုပ်ကိုင်ရမှုများရှိခဲ့သော်လည်း ယနေ့အချိန်တွင် အဓမ္မလက်ထပ်ထိမ်းမြားသည့် ပုံစံအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။

အသက် ၁၆ နှစ်အောက်အရွယ် မိန်းကလေးတွေကို ရည်းစားအဖြစ် ဟန်ဆောင်ခိုးယူကာ ရောင်းချသည့် အမှုဖြစ်စဉ်တွေလည်း ရှိ . . .

''လူကုန်ကူးခံရတဲ့သူတွေကို စစ်ဆေးကြည့်လိုက်ရင် တရုတ်ပြည်ကို နယ်စပ်ဂိတ်ပေါက်ကနေတစ်ဆင့် ခေါ်သွားပြီးတော့ တရုတ်မယားအဖြစ် ရောင်းစားတာတွေရှိတယ်။ အဲဒီလိုရောင်းစားတဲ့သူတွေကလည်းတရုတ်ပြည်မှာ အရင်က အိမ်ထောင်ကျတဲ့ မြန်မာအမျိုးသမီးတွေ၊ ဒါမှမဟုတ် လူကုန်ကူးခံရပြီး တရုတ်အမျိုးသားနဲ့ ညားနေတဲ့သူတွေက ဒီမှာရင်းနှီးတဲ့သူတွေနဲ့ပြန်ဆက်သွယ်ပြီး စီးပွားရေးမပြေလည်တဲ့ အမျိုးသမီးငယ်တွေကို မက်လုံးပေးစည်းရုံးပြီး လုပ်ဆောင်တာတွေရှိလာတယ်'' လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

လူကုန်ကူးခံရသူအမျိုးသမီးတွေထဲမှာ အိမ်ထောင်ရေးအဆင်မပြေသူတွေ၊ အရွယ်ရောက်ပြီးသူနဲ့ အသက် ၁၆ နှစ်အောက်အရွယ် မိန်းကလေးငယ်တွေလည်းပါဝင်ပါတယ်။ အသက် ၁၆ နှစ်အောက်အရွယ် မိန်းကလေးတွေကို ရည်းစားအဖြစ်ဟန်ဆောင်ခိုးယူကာ ရောင်းချသည့်အမှုဖြစ်စဉ်တွေလည်းရှိပါတယ်။

''ကျူရှင်သွားရာကနေ သမီးပျောက်သွားတယ်။ သူနဲ့ကျောင်းနေတဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့လည်းမသိကြဘူးပြောတယ်။ ရဲစခန်းကိုလူပျောက်တိုင်လိုက်တယ်၊ နှစ်ရက်လောက်ပဲရှိမယ်၊ သမီးကို နယ်စပ်ဘက်မှာ ပြန်တွေ့ပြီလို့ သက်ဆိုင်ရာက အကြောင်းကြားတယ်။ သမီးကိုကြည့်တော့ မူးမေ့စေတဲ့ ဆေးလိုဟာမျိုး တစ်ခုခုကျွေးခံထားရတဲ့ ပုံစံမျိုး။ ကြောင်တောင်တောင်ဖြစ်နေတယ်။ နောက်မေးကြည့်မှ သူနဲ့ ဖေ့စ်ဘွတ်ခ်ကနေ ရည်းစားဖြစ်တဲ့ ကောင်လေးက တွေ့ချင်တယ်ဆိုလို့သွားတွေ့တယ်။

''ကောင်လေးက အချိုရည်တစ်ဘူးတိုက်လိုက်ပြီးတဲ့အချိန်ကတည်းက သတိကောင်းကောင်းမရတော့ဘူးလို့ပြန်ပြောပြတယ်။ နယ်စပ်မှာ ရောင်းမစားခင် လက်မတင်လေး ပြန်တွေ့ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် ပတ်ဝန်းကျင်မှာ သမီးမျက်နှာငယ်ရမှာစိုးတဲ့အတွက်ကြောင့် နယ်ကအိမ်ကိုရောင်းပြီး ရန်ကုန်ကို အပြီးပြောင်းလာခဲ့တယ်'' လို့ ၂ဝ၁၆ ခုနှစ်မှာ သမီးငယ်ပျောက်ဆုံးပြီး တစ်လအကြာမှာ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ လူကုန်ကူးခံရမှုကနေ ကယ်တင်နိုင်ခဲ့တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ ဒေါ်အေးဆွေက ပြောပါတယ်။လူကုန်ကူးသူတွေက အမျိုးသမီးအများစုကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ အဓိကရည်ရွယ်ကြကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဌာနရဲ့ စာရင်းများက ဖော်ပြနေပါတယ်။သွေးသားအမြတ်ထုတ်ရန် လူကုန်ကူးမှုတွေသာမက လုပ်အားလိုအပ်ချက် အပေါ်မူတည်၍ အမျိုးသား၊ အမျိုးသမီးအရွယ်စုံကို ပြည်ပကိုသာမက ပြည်တွင်းမှာပဲ တစ်နယ်က တစ်နယ်ကို လူကုန်ကူးနေသူတွေလည်း ရှိနေပါတယ်။

''အရင်တုန်းက ဆီအုန်းခြံတွေမှာ လစာကောင်းပြီး အလုပ်ရမယ်လို့ မက်လုံးပေးပြီးခေါ်တယ်။ သွားလုပ်တဲ့လူငယ်တွေကို ရနောင်း၊ယိုးဒယားဘက်တွေကို တောလမ်းအတိုင်းခေါ်သွားပြီး ငါးဖမ်းစက်လှေပေါ်တွေကို ရောင်းကြတယ်။ အခု ပြည်တွင်း ငါးဖမ်းလုပ်ကွက်ဖြစ်တဲ့ ဧရာဝတီ၊ ဖျာပုံ၊ မွန်၊ ရေး ဘက်တွေမှာလည်း ငါးဖမ်းစက်လှေလိုက်ဖို့နဲ့ ကျားဖောင်ဆွဲဖို့အတွက် စာချုပ်စာတမ်းတွေနဲ့ ပွဲစားတွေကတစ်ဆင့် ခေါ်ခိုင်းပြီး လုပ်အားခေါင်းပုံဖြတ်မှုတွေကလည်း လူကုန်ကူးမှုထဲကတစ်ခုပါပဲ'' ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ နောက်မီး၊ ခါးပြတ်၊ ဗန္တာပင်၊ မြစ်တန်း၊ ချောင်းစုစတဲ့ ကျေးရွာတွေ၊ မွန်ပြည်နယ်၊ ရေး မြို့နယ်၊ အစင် အစရှိတဲ့ မြို့နယ်တွေက ငါးဖမ်းလုပ်ငန်းတွေမှာ ရေလုပ်သားရှားပါမှုကြောင့် လုပ်ငန်းရှင်တွေက စျေးပေါတဲ့ လှေလုပ်သားတွေရရှိဖို့ ပွဲစားတွေကတစ်ဆင့် အပြိုင်အဆိုင် စုဆောင်းမှုတွေရှိတယ်လို့ သူကပြောပါတယ်။လုပ်သားတွေကိုလုပ်ငန်းသဘောသဘာဝကို ကြိုတင်ပြောဆိုခြင်းမရှိဘဲ လုပ်ငန်းရှင်ဆီကနေ ပွဲစားက ငွေထုတ်ယူထားပြီး ပွဲစားခကို လှေလုပ်သားတွေရဲ့ လုပ်အားခတွေကနေ ဖြတ်ထားတာကြောင့် လှေလုပ်သားတွေဟာ လုပ်ခလစာမရဘဲ ပင်လယ်ထဲမှာ လနဲ့ချီပြီး အလုပ်လုပ်ကိုင်နေရတာစတဲ့ လုပ်အားခေါင်းပုံဖြတ်တာတွေ ကြုံတွေ့ကြရတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် အတွင်းက ပန်းရံလုပ်ကိုင်သူ အမျိုးသားတစ်ဦးကို ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းတစ်ခုဆီ ငွေကျပ် သုံးသိန်းနဲ့ရောင်းချပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံခဲ့ရမှု တစ်ခုပေါ်ပေါက်ခဲ့ပါသေးတယ်။ပြည်ပနိုင်ငံတွေမှာ အလုပ်ကောင်းရမယ်လို့ လူမှုကွန်ရက်တွေကနေ စည်းရုံးခေါ်ဆောင်ပြီး လုပ်အားခေါင်းပုံဖြတ်ခံရတာတွေလည်း ရှိတယ်လို့ လူကုန်တားတပ်ဖွဲ့စု(၁၅)မှ ဒုရဲမှူးမျိုးကိုကိုက ပြောပါတယ်။

''ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာနေတဲ့ တရုတ်လူမျိုးတွေက သူတို့ဆီမှာ ဖေ့စ်ဘွတ်ခ်မသုံးဘူး။ ဝီချက်ကိုအသုံးများတယ်။ တရုတ်စကားပြောတတ်တဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေရမယ်၊ လာမယ့်စရိတ်တွေကို သူတို့ အကုန်ကျခံမယ်လို့ စည်းရုံးပြီး ခေါ်ဆောင်လာကြတယ်။တရားဥပဒေနဲ့မညီတဲ့ လောင်းကစားဒိုင်တွေမှာအလုပ်ပေးပြီး အနိုင်အထက်ပြုကျင့်တာနဲ့ လုပ်အားခငွေတွေ ခေါင်းပုံဖြတ်မှုတွေကိုပြုလုပ်လာကြတယ်'' လို့ သူကပြောပါတယ်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ လူကုန် ကူးမှု ၁ဝ၇ မှု၊ လူကုန်ကူးခံရသူ ၁၈၁ ဦးရှိခဲ့ပြီး လူကုန်ကူးမှုကျူးလွန်သူ ၂၉၂ ဦးကို အမှုဖွင့်အရေးယူထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်ပွားခဲ့ပါတယ်။ဒီလိုနည်းမျိုးစုံနဲ့လူကုန်ကူးမှုပြုလုပ်နေသူတွေကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းတားဆီးပေးဖို့ကိုလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။မိသားစုနဲ့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူကုန်ကူးခံရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ယူဆရင် ဖုန်း ဝ၉-၄၉ ၅၅၅၆၆၆၊ ဝ၉ ၄၉ ၅၅၅၇၇၇၊ဝ၉၄၉၅၅၅၈၈ တွေကို ဆက်သွယ်အကြောင်းကြားဖို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က လက်ကိုင်ဖုန်းတွေကို စာတိုပေးပို့တာတွေကို ဒီနှစ်၊ သြဂုတ်လက စတင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်၊ ရပ်ကွက်တွေနဲ့ စာသင်ကျောင်းတွေမှာလည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ဟောပြောပွဲတွေ ပြုလုပ်ပြီး အသိပညာပေးနေပါတယ်။

စစ်တမ်းများအရ လူကုန်ကူးခံရသူအများစုဟာ အတန်းပညာအနည်းငယ်သာရှိပြီး အသိပညာကြွယ်ဝမှုမရှိတာ၊ ဥပဒေဗဟုသုတနည်းပါးတာတွေ့ကြောင့် ဖြစ်ပွားတာကိုတွေ့ရကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းခံနိုင်သည့် အချက်တွေ မသိရှိတာတွေကိုတွေ့ရကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးစီမံချက် (World Vision Myanmar)က စီမံကိန်းမန်နေဂျာ ဒေါ်ခင်မျိုးသန့်ကပြောပါတယ်။ဒါကြောင့် အစိုးရက လူငယ်တွေ အသိပညာ၊ ဗဟုသုတ ပြည့်ဝအောင် ခေတ်မီနည်းပညာသင်တန်းတွေ ဖွင့်လှစ်ဆောင်ရွက်ပေးပြီး အရည်အချင်းပြည့်မီတဲ့ လူ့စွမ်းအားအရင်းမြစ်တွေ ဖော်ဆောင်ဖို့လိုအပ်ကြောင်း၊ သူကသုံးသပ်ပါတယ်။

ဖွံ့ဖြိုးဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်လမ်းရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရယ်ကျရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရမှုတွေကြောင့် လူကုန်ကူးမှုအန္တရာယ်ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူက ယခင်နှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးပွဲမှာ ပြောကြားခဲ့ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021