မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပထမအကြိမ်ညီလာခံနှင့် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၇ရက် နံနက်၉နာရီက ကျိုက္ကဆံကွင်းရှိ စက်ဘီးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှင်းလင်းပြောဆို
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ပွဲကျင်းပရေး ကြီးကြပ်မှုကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဒင်၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံမှတာဝန်ရှိသူများ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစက်ဘီးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ဦးအောင်ဒင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဦးခင်မောင်ဝင်းက စက်ဘီးအာကစားတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်များကို ရှင်းလင်းပြောဆိုခဲ့သည်။
အရွေးချယ်ခံရ
ဆက်လက်ပြီး တက်ရောက်လာကြသည့် အလုပ်အမှုဆောင် ၁၄ဦးအနက်မှ စက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌနေရာအတွက် ရွေးချယ်ခဲ့ရာ လက်ရှိဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က ကန့်ကွက်သူမရှိ ပြန်လည်အရွေးချယ်ခံရသည်။ထို့နောက် ဒုဥက္ကဋ္ဌ သုံးဦးအား ရွေးချယ်ခဲ့ရာ ယင်းနေရာအတွက် အလုပ်အမှုဆောင် ၆ဦးလျှောက်ထားခဲ့ကြသော်လည်း အခမ်းအနားသို့ ၅ဦးသာတက်ရောက်ခဲ့ကြသည်။ အဆိုပါ ၅ဦးထဲမှ ဒုဥက္ကဋ္ဌသုံးဦးကို မဲပေးရွေးချယ်ခဲ့ရာ ဦးအောင်ဝင်းထွန်းက ဒုဥက္ကဋ္ဌ(၁)၊ ဦးမြတ်သူက ဒုဥက္ကဋ္ဌ(၂)၊ ဦးဂျွန်ဆင်က ဒုဥက္ကဋ္ဌ(၃)အဖြစ် အသီးသီးရွေးချယ်ခံရသည်။ ထို့နောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် ဦးခင်မောင်ဝင်းက တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ဆက်လက်ရွေးချယ်ခဲ့သည်။
ချီးမြှင့်ခဲ့
ဆက်စပ်သတင်းများအရ စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် မေလကကျင်းပခဲ့သည့် OCBC ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မြန်မာစက်ဘီးအားကစားအဖွဲ့အား ဆုကြေးစင်ကာပူဒေါ်လာ ၆၀ဝ၀ ကို အခမ်းအနား၌ ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို လာမည်နှစ်မေလတွင် ထပ်မံကျင်းပမည်ဖြစ်ပြီး မြန်မာစက်ဘီးစီးအဖွဲ့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။















