အာရှယူ-၂၀ဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲအောင်မြင်ရေးအတွက် ရည်ရွယ်၍ မြန်မာဖူဆယ်အသင်းကို အောက်တိုဘာတွင် ထိုင်းနိုင်ငံသို့စေလွှတ်ကာ လေ့ကျင့်ခြေစမ်းစေမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
ချိတ်ဆက်လျက်ရှိ
လက်ရှိအချိန်၌ မြန်မာယူ-၂၀ဖူဆယ်အသင်းကို ဖွဲ့စည်းလေ့ကျင့်ရခြင်းမရှိသေးဘဲ စက်တင်ဘာ ၁၂ရက်တွင် ခေတ္တရပ်နားမည့် ဖူဆယ်လိဂ်ပြိုင်ပွဲအပြီးတွင် အသင်းကိုစခန်းသွင်းလေ့ကျင့်မည်ဖြစ်သည်။ ထို့နောက်အောက်တိုဘာတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာကာ ကလပ်အသင်းများနှင့် ခြေစမ်းပွဲများကစားရန် စီစဉ်နေပြီး ထိုင်းယူ-၂၀ဖူဆယ်လက်ရွေးစင်အသင်းနှင့်ခြေစမ်းနိုင်ရန် ချိတ်ဆက်လျက်ရှိကြောင်း သိရသည်။
အာရှယူ-၂၀ဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲများကို အာဆီယံဇုန်၊ အလယ်ပိုင်းဇုန်၊ အနောက်အာရှဇုန်၊ အရှေ့ အာရှ ဇုန်ဟူ၍ ဇုန် ၄ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အာဆီယံဇုန်ခြေစစ်ပွဲစဉ်များကို ဒီဇင်ဘာ ၁ရက်မှ ၅ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံကို အေအက်ဖ်စီမှ ရွေးချယ်ရခြင်းမရှိသေးပေ။
မြန်မာဖူဆယ် ယူ-၂၀ အသင်းသည် အာဆီယံ ဇုန်တွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး နောက်ဆုံး အဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အသင်း၊ အာဆီယံဇုန်မှ သုံးသင်း၊ အလယ်ပိုင်းဇုန်မှ ၃ သင်း၊ အရှေ့ အာရှ ဇုန်မှ နှစ်သင်း၊ အနောက်အာရှ ဇုန်မှ ၃ သင်းတို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။















