တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော မြန်မာယူ-၂၁အသင်းသည် တတိယနေရာလုပွဲအဖြစ် စက်တင်ဘာ ၈ရက် မွန်းလွဲ၁နာရီခွဲတွင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ခွင့်ပြုခဲ့ရ
မြန်မာယူ-၂၁အသင်းသည် အဆိုပါဖိတ်ခေါ်ပြိုင်ပွဲတွင် ပွဲဦးထွက်အဖြစ် အိမ်ရှင်တရုတ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ဒုတိယပွဲအဖြစ် ဥဇဘတ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အဆိုပါပွဲစဉ်နှစ်ပွဲစလုံးတွင် ပြိုင်ဘက်များ၏ သွင်းဂိုးများကို ပထမပိုင်း၌ ခွင့်ပြုခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ခံစစ်ကစားပုံ ပြင်ဆင်နိုင်ခဲ့၍ ဂိုးထပ်မံခွင့်ပြုခဲ့ရခြင်းမရှိပေ။
ရည်ရွယ်
မြန်မာအသင်းသည် ပွဲစဉ်နှစ်ပွဲကစားပြီးရာတွင် ရမှတ်တစ်မှတ်မှမရရှိခဲ့၍ ဗိုလ်လုပွဲနှင့် ဝေးခဲ့ရသည်။ မြန်မာအသင်းသည် အဆိုပါပြိုင်ပွဲကို အတွေ့အကြုံရရှိရေးအတွက် ရည်ရွယ်၍ ယူ-၂၁(ခ)အသင်းကို စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အသင်း၏ အဓိကရည်မှန်းချက်မှာ ၂၀၁၉ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းတွင် အောင်မြင်မှုရရေးဖြစ်သည်။















