လက်ရွေးစင်အသင်း ကာတာနိုင်ငံ၌ ခြေစမ်းပွဲငါးပွဲကစားရန် ညှိနှိုင်းနေ

လက်ရွေးစင်အသင်း ကာတာနိုင်ငံ၌ ခြေစမ်းပွဲငါးပွဲကစားရန် ညှိနှိုင်းနေ

ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ တတိယအပတ်တွင် ကာတာနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ခြေစမ်းပွဲငါးပွဲကစားရန် ဆက်သွယ်ညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။

သုံးပတ်ကြာ

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲမတိုင်မီ အောက်တိုဘာ ၁၀ရက်တွင် အဝေးကွင်း၌ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် အိမ်ကွင်း၌ အာဖဂန်နစ္စတန်အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်သည်။ ထို့နောက် ရက်အနည်းငယ်အနားယူကာ အောက်တိုဘာ တတိယအပတ်တွင် ကာတာနိုင်ငံသို့ သုံးပတ်ကြာ လေ့ကျင့်ခြေစမ်းခရီးထွက်မည်ဖြစ်သည်

ညှိနှိုင်းဆဲ

" ကာတာနိုင်ငံမှာ ခြေစမ်းပွဲ ငါးပွဲကစားဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်က ချိတ်ဆက်နေပါတယ်။ ခြေစမ်းပွဲငါးပွဲမှာ ကာတာကလပ်တွေနဲ့ ခြေစမ်းပွဲစဉ်တွေပါနိုင်သလို၊ ကာတာမှာ လာရောက်လေ့ကျင့်နေတဲ့ နိုင်ငံအသင်းတွေနဲ့ခြေစမ်းနိုင်ဖို့လည်း ကြိုးစားသွားမှာပါ။ လောလောဆယ်တော့ ဆက်သွယ်ညှိနှိုင်းဆဲဖြစ်လို့ ဘယ်အသင်းတွေလဲဆိုတာတော့ မပြောနိုင်သေးပါဘူ။ အတည်ပြုလို့ရတာနဲ့ သတင်းထုတ်ပြန်ပေးမှာပါ" ဟု ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲကစားရန် စီစဉ်ခဲ့သော်လည်း ဗီဇာရရှိရန် ခက်ခဲခြင်း၊ခြေစမ်းကြေးမြင့်မားခြင်းစသည့် အခက်အခဲများကြောင့် ပျက်ပြယ်ခဲ့ရသည်။

စတင်မည်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အန်တွမ်နီဟေးလ်သည် စက်တင်ဘာ ၂၈ရက်တွင် ပဏာမကစားသမား ၂၆ဦးဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို စတင်မည်ဖြစ်သည်။ ပဏာမ ကစားသမားများရွေးချယ်ရာတွင် လက်ကျန်နေရှင်နယ်လိဂ်ပွဲစဉ်များ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆီမီးဖိုင်နယ်ပွဲစဉ်များ၊ အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၃အသင်းမှ ကစားသမားများကို အခြေခံကာ ရွေးချယ်မည်ဟု သိရသည်။



ဖတ်ရှုမှုအများဆုံး