ရွှေဆွဲကြိုးအတု လာရောက်ပေါင်နှံသူကို ပြည်သူက ဝိုင်းဖမ်း

ရွှေဆွဲကြိုးအတု လာရောက်ပေါင်နှံသူကို ပြည်သူက ဝိုင်းဖမ်း

တံတားဦးမြို့နယ်တွင် ရွှေဆွဲကြိုးအတု လာရောက်ပေါင်နှံသူကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့ မြို့မဈေးအနီးရှိ ချမ်းမြေ့အောင်ရွှေဆိုင်နှင့်အမိန့်ရအပေါင်ဆိုင်သို့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ရွှေဆွဲကြိုးတစ်ကုံးကို လာရောက်ပေါင်နှံခဲ့သည်။ ထိုသို့ ပေါင်နှံစဉ် ဆိုင်ပိုင်ရှင်က အပေါင်ပစ္စည်းကို အတုဟုယူဆသောကြောင့် မသင်္ကာသဖြင့် စစ်ဆေးနေစဉ် အဆိုပါလူမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ပတ်ဝန်းကျင်သို့အကူညီတောင်းခံကာ ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။ထိုသို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဈေးတောင်ဘက်အရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး တံတားဦးရဲစခန်းသို့ အပ်နှံခဲ့သည်။ ဖမ်းဆီးရမိသူမှာ မော်ကျွန်းမြို့နေ ကျော်လွင်(၄၅ နှစ်)ဖြစ်သည်။ 
၄င်းနှင့်အမျိုးသမီး ၃ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးတို့သည် ဆိုင်ကယ်ဖြင့် ယမန့် နေ့ညတွင် တံတားဦးမြို့သို့ရောက်ခဲ့ကြပြီး တည်းခိုခန်းတွင် တည်းခိုနေထိုင်ခဲ့ကာ ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က အဆိုပါတည်းခိုခန်းမှ အသီးသီးထွက်ခွာခဲ့ကြောင်း သိရသည်။ထို့နောက် ၄င်းက တံတားဦးဈေးသို့ လာရောက်ပေါင်နှံစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ တံတားဦးရဲစခန်းက(ပ)၂၃၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈ အရ အမှုဖွင့်အရေးယူထားသည်။