မူးယစ်ဆေးဝါးရောင်းချသည့်နေအိမ်ကို ရှာဖွေစဉ် လက်နက်နှင့် စိတ်ကြွဆေးများဖမ်းမိ

မူးယစ်ဆေးဝါးရောင်းချသည့်နေအိမ်ကို ရှာဖွေစဉ် လက်နက်နှင့် စိတ်ကြွဆေးများဖမ်းမိ

သံဖြူဇရပ်မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသည့် နေအိမ်ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေစဉ် လက်နက်နှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့မှု စက်တင်ဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ် ကြံ့ခိုင်ရေးရပ်ကွက် ညမွှေးပန်း လမ်းနေ အောင်မျိုးဦး နေအိမ်၌ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ ရဲအုပ် အေးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့ဝင်ရောက် ရှာဖွေစဉ် အဆိုပါနေအိမ်တွင် အောင်မျိုးဦး၊ အောင်သူနှင့် အောင်မင်းသန်းတို့(၃)ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ပူးပေါင်းအဖွဲ့ကဝင်ရောက်ဖမ်းဆီးစဉ် ဝင်းထိန်မှာ အင်္ကျီချွတ်၍ ထွက်ပြေးသွားသည်။ သက်သေများနှင့်အတူ အောင်မျိုးဦး ပါ(၃)ဦး၏ ခန္ဓာကိုယ်နှင့် နေအိမ်ပတ်ဝန်းကျင်ကို ရှာဖွေစစ်ဆေးခဲ့ရာ ဝင်းထိန်ချွတ်၍ထားခဲ့သည့် အင်္ကျီအတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၂) ပြား၊ အောင်မျိုးဦး၏ ခန္ဓာကိုယ်နှင့် ၄င်းတို့ထိုင်နေသည့်ဧည့်ခန်းအတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၇၃)ပြား၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၄)ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား၁၀၂ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချရငွေ ကျပ် ၂၁၄၀ဝ၀ ၊ လေသေနတ်(၂)လက်၊ ဆိုင်ကယ်(၂)စီး၊ ဖုန်း(၂)လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းကို သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ၄ ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
သံဖြူဇရပ်မြို့မရဲစခန်းက မယ(ပ)၂၁/၁၈၊ မူး/စိတ်ပြောင်းပုဒ်မ-၁၉(က)/၂၀(က)/၂၁/၂၂(ခ)အရ အမှုဖွင့် ရေးယူထားပြီး တိမ်းရှောင်သူ ဝင်းထိန်ကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။