မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိ

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိ

မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂ စီးကိုသက်ဆိုင်ရာက လားရှိုးမြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်းသွားကားလမ်းရှိ သတ္တုသန့်စင်စက်ရုံအနီး၌ စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့ဝင်များက ဖော်ဂွမ်ဂမ်ဖန်(ခ)ဂမ်ဖန် (၄၈ နှစ်)မောင်းနှင်လာသည့် DYNA မော်တော်ယာဉ်နှင့် ယော်ထုန်(၃၁ နှစ်) မောင်းနှင် လာသည့် CANTER မော်တော်ယာဉ်နှစ်စီးကို မူးယစ်သတင်းအရ စစ်ဆေးခဲ့သည်။ 
ဖော်ဂွမ်ဂမ်ဖန်(ခ)ဂမ်ဖန် မောင်းနှင်လာသည့် DYNA မော်တော်ယာဉ်ပေါ်မှ ကဖင်း၂,၁၀ဝ ကီလို၊ တော်လူအင်း ၂ လီတာ၊ လိမ္မော်ရောင်အရောင်တင်အမှုန့် ၄ ကီလို၊သံပေါင်းခံအိုးကြီး ၂ လုံး၊ သံပုံး ၁၄ လုံး၊ ပလတ်စတစ်ပုံး ၁၇ လုံး၊ ကော်ဇလုံ ၄၅ လုံး၊ ဖန်ပေါင်းချောင်အရှည် ၁ လုံး၊ လက်ကိုင်ပါကော်ပုံး ၃၀ လုံးတို့ကိုတွေ့ရှိခဲ့သည်။ ထို့ပြင်လက်ကိုင်ပါကော်ခွက် ၂၀ ခွက်၊ မော်တာထိန်းစက် ၁ လုံး၊ မော်တာ ၅ လုံး၊ ဂက်(စ်)အိုး ၁ လုံး၊ သံချိန်းဆွဲကြိုး ၁ ချောင်း၊ ချိန်းဆွဲမော်တာ ၁ လုံး၊ ကတ္တား ၂ ခု၊ ရေပိုက်ခွေ ၁ ခွေ၊ ဂက်(စ်)မီးကူးအောက်ခံ သံခုံ ၆ ခု၊ ပြဒါးတိုင် ၁၂ ချောင်း၊ မီတာဒိုင်ခွက်ပါ စတီးသံချောင်း ၄ ချောင်း၊ ရာဘာလည်ရှည်ဖိနပ် ၁၆ စုံ၊ ဓာတ်ခွဲခန်းသုံး ရာဘာလက်အိတ်ရှည် ၂၉၀ စုံ၊ ဓာတ်ခွဲခန်းသုံး ဝတ်စုံ ၅ စုံ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ် ၄၈၀ ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ၁၆ ခု၊ငွေ ၁၁၅,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုဆက်လက်သိမ်းဆည်းရမိခဲ့သည်။ 
ယော်ထုန်မောင်းနှင်လာသည့် CANTER မော်တော်ယာဉ်မှ ကဖင်း ၃၀ဝ ကီလို၊ ပလတ်စတစ်ပုံး ၃၄ လုံး၊ ကော်ဇလုံကြီး ၆၀ လုံး၊ ဖန်ပေါင်းချောင် ၉ လုံး၊ ဖန်ပြွန်ဘား ၅ ခု၊ ပလတ်စတစ် ပိုက်ချောင်း ၂ ချောင်း၊ ဖန်ပြွန်တပ်ထားသည့် သစ်သားဝိုင်း ၂ ဝိုင်း၊ မော်တာမျိုးစုံ ၇ လုံး၊ ဒိုင်နမို ၁ လုံး၊ မော်တာထိန်းစက် ၅ လုံး၊ ဂက်(စ်)မီးကူးအောက်ခံသံခုံ ၂ ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ် ၃၂ ခု၊ ငွေ ၁၄၀,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ၂ ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းတို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။