ဆူဇူကီးဖလားပြိုင်ပွဲအမီ မြန်မာ့လက်ရွေးစင်အသင်း၌ ကျော်ကိုကိုနှင့်ငြိမ်းချမ်းအောင်ပါရန် အလားအလာနည်း

ဆူဇူကီးဖလားပြိုင်ပွဲအမီ မြန်မာ့လက်ရွေးစင်အသင်း၌ ကျော်ကိုကိုနှင့်ငြိမ်းချမ်းအောင်ပါရန် အလားအလာနည်း

ဒဏ်ရာပြဿများဖြင့် ရုန်းကန်နေရသည့် တိုက်စစ်မှူးကျော်ကိုကိုအပါအဝင် ကွင်းလယ်လူများဖြစ်သည့် ငြိမ်းချမ်အောင်နှင့် ကျော်မင်းဦးတို့မှာ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာအသင်း၌ ပါဝင်ခွင့်ရရန် အလားအလာနည်းပါးလျက်ရှိနေကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အပေါ့စားလေ့ကျင့်

အဆိုပါ ကစားသမားသုံးဦးအနက် တိုက်စစ်မှူးကျော်ကိုကိုမှာ ထိုင်းပရီးမီးယားလိဂ်ကလပ် ချင်းရွိုင်ယူနိုက်တက်တွင် အငှားသွားရောက်ကစားနေသူဖြစ်ပြီး ဧပြီလက ယှဉ်ပြိုင်ခဲ့သည့် ပတ္တရားယူနိုက်တက်အသင်းနဲ့ပွဲစဉ်၌ ဒူးအရွတ်ဒဏ်ရာ ရခဲ့၍ ကာလရှည်အနားယူနေရသူဖြစ်သည်။ ၎င်း၏ ဒဏ်ရာမှာ ယခုအချိန်တွင် ပြန်လည်သက်သာလာခဲ့ပြီး အသင်းနှင့်အတူအပေါ့စားလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

ကာလရှည်အနားယူ

ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူများဖြစ်သည့် ငြိမ်းချမ်းအောင်နှင့်ကျော်မင်းဦးတို့မှာလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးအနက် ငြိမ်းချမ်းအောင်မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး အသင်းနှင့်အတူ ပွဲထွက်ခွင့်ရရန် ကြိုစားလျက်ရှိနေသည်။

အလားအလာအလွန်နည်း

" ကျော်ကိုကိုက အပေါ့စားလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ပြီဖြစ်သလို ငြိမ်းချမ်းအောင်ကလည်း အသင်းနဲ့အတူ ပူပေါင်းလေ့ကျင့်နေနိုင်ပါပြီ။ ဒါပေမဲ့ နည်းပြကြီးက ပုံမှန်ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကိုပဲ ဆူဇူကီးပြိုင်ပွဲအတွက် ရွေးချယ်မယ်လို့ ပြောထားပါတယ်။ အခုဒဏ်ရာရနေတဲ့ ကစားသမားသုံးယောက်စလုံးက ပွဲထွက်ခွင့်ပျောက်ဆုံးနေတာလည်းကြာပြီ။ ကြံ့ခိုင်မှုအနေအထားကလည်း ပြိုင်ပွဲအမီပြန်လည်ကောင်းမွန်းလာဖို့ မလွယ်လို့ ပါနိုင်ဖို့အလားအလာအလွန်နည်းနေပါတယ်" ဟု ၎င်းတာဝန်ရှိသူက ဖွင့်ဟခဲ့သည်။

စခန်းသွင်းလေ့ကျင့်

ဆူဇူကီးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းကို ပြီးခဲ့သည့် အာရှအားကစားပြိုင်ပွဲဝင် ယူ-၂၃အသင်းမှ ကစားသမားများကို အခြေခံကာ ဖွဲ့စည်းနိုင်ဖွယ်ရှိနေပြီး ပဏာမ ကစားသမား ၂၆ဦးဖြင့် စက်တင်ဘာ ၂၈ရက်တွင် စခန်းသွင်းလေ့ကျင့်ကြမည်ဖြစ်သည်။ မြန်မာအသင်းမှာ ဆူဇူကီးပြိုင်ပွဲသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ်သို့သာ တက်လှမ်းနိုင်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်ထိ တက်လှမ်းရန် ကနဦးရည်မှန်းထားသည်။

 



ဖတ်ရှုမှုအများဆုံး