မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုနှစ်အတွင်း အာရှအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ယူ၁၉၊ယူ၁၆အသင်းများကို စက်တင်ဘာ ၈ရက်က တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုအားပေး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် စက်တင်ဘာ ၈ရက်က ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၉နှင့် ယူ-၁၆အမျိုးသမီးအသင်းခြေစမ်းပွဲကို ကြည့်ရူအားပေးခဲ့ပြီး ပွဲစဉ်အပြီးတွင် နှစ်သင်းစလုံး၏ ကစားသမား၊နည်းပြအဖွဲ့များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး တစ်သင်းလျှင် ဆုငွေ ကျပ် ၁၀သိန်းစီ ပေးအပ်ခဲ့သည်။ ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ ကစားခဲ့ပြီး ပွဲအပြီးတွင် မြန်မာယူ-၁၉အသင်းက ငါးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
စခန်းသွင်းလေ့ကျင့်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်် ၂၀၁၉ခုနှစ်အာရှယူ-၁၉ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာယူ-၁၉အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၂၆ဦးဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ မြန်မာယူ-၁၉အသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့်
လိဂ်ကလပ်အသင်းများနှင့် ခြေစမ်းခဲ့သလို စင်ကာပူအမျိုးသမီး ယူ- ၁၉အသင်းတို့နှင့်လည်း ခြေစမ်းကစားခဲ့သည်။
အလားတူပင် မြန်မာယူ-၁၆အမျိုးသမီးအသင်းသည်လည်း နီပေါနိုင်ငံတွင် ကျင်းပမည့် အာရှယူ-၁၆ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိနေပြီး စက်တင်ဘာ ၁၇ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။















