နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၌ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့်ရောဂါကြောင့် ကလေးငယ် ၇ ဦးသေဆုံး

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၌ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့်ရောဂါကြောင့် ကလေးငယ် ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၌ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့်ရောဂါကြောင့် ကလေးငယ်များ ကိုယ်ပူ၍ဖျားရာမှတစ်ဆင့် ကလေးငယ် ၇ ဦးသေဆုံးခဲ့သည်ဟု ကြားသိရကြောင်း နာဂပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးကာစီရန်က စက်တင်ဘာ ၉ ရက်က ပြောသည်။

နန်းယွန်းမြို့နယ်တွင် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကလေးငယ် ၇ ဦးသေဆုံးခဲ့သည်ဟု ကြားသိရသော်လည်း ရုံးတွင်စာရင်းရောက်ရှိမှုမှာ သုံးဦးပဲရှိနေသေး၍ စာရင်းအတိအကျရရှိရန် နန်းယွန်းမြို့နယ်ထံ စာရင်းများလှမ်းတောင်းထားကြောင်း ၎င်းက ပြောသည်။ 
အဆိုပါရောဂါသည် ကူးစက်သည့်ရောဂါမဟုတ်ဘဲ ရာသီအကူးအပြောင်းကြောင့်ဖြစ်ကြောင်း ၊ ရောဂါလက္ခဏာသည် ကိုယ်ပူ၊ချောင်းဆိုး၊ နှာခေါင်းသွေးယို၊အသက်ရှူလမ်းကြောင်းကြပ်ခြင်းဝေဒနာခံစားရခြင်း ဖြစ်ကြောင်း သိရသည်။ 
" ကူးစက်တဲ့ရောဂါတော့မဟုတ်ပါဘူး ။ ရာသီဥတုပြောင်းလဲတဲ့ရောဂါကြောင့်ပါ ။ ကိုယ်ပူဖျားပြီး မျက်စိတွေနီတာပေါ့။ စိုးရိမ်စရာမရှိတော့ပါဘူး ။ သေဆုံးတာကတော့ ၁၀ နှစ်နဲ့ လသားလေးတွေပေါ့ ။ သြဂုတ်လကနေစပြီး ဖြစ်တာပါ ။ အဖျားကတော့ ရက်မရှည်ပါဘူး ။နောက်ထက် လူနာအနည်းအကျဉ်းတော့ ရှိနေသေးတယ် ။ လက်ရှိမှာတော့ ဆေးလုံလောက်အောင် လုပ်ဆောင်ပေးထားပြီးပါပြီ " ဟု ဦးကာစီရန် က ပြောသည်။ 
နန်းယွန်းမြို့နယ်တွင် လူနေမှုဘဝများပြုပြင်ပြောင်းလဲရေးအတွက် တိုင်းကျန်းမာရေးများနှင့် ပါရဂူဆရာဝန် အဖွဲ့များဖြင့် ယခုနှစ်အတွင်း ဆေးကုသမှုကို သုံးကြိမ်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိရောဂါဖြစ်ပွားနေသည့် ကျေးရွာတွင် အိမ်ထောင်စု ၁၀၅ စု လူဦးရေ ကျား ၂၉၈၊ မ ၃၀၆ ဦးနေထိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး