မြဝတီမြို့တွင် လက်ပစ်ဗုံး၊ မိုင်း၊ သေနတ်နှင့် စိတ်ကြွဆေးပြားများသယ်ဆောင်လာသူ ၄ ဦးကို ယာဉ်စစ် ဆေးရေးအဖွဲ့က စက်တင်ဘာ ၉ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။
အဆိုပါနေ့ သန်းခေါင်ကျော် နံနက် ၁၂ နာရီ ၁၅မိနစ်အချိန်တွင် မြဝတီမြို့၊ (၅) ရပ်ကွက် တရုတ်ဘုံကျောင်းရှေ့၌ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအောင်နိုင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့သည် မြဝတီမြို့ တွင်းမှ မြို့ပြင်သို့ မောင်းနှင်သွားလာလျက်ရှိသည့် ယာဉ်များကိုယာဉ်စစ်ဆေးရေး တာဝန်ထမ်း ဆောင်နေစဉ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်နေ ကျော်ခိ (၄၇ နှစ်)မောင်းနှင်ပြီး တစ်မြို့တည်းနေ နန်းညိုညိုအေး (၄၂ နှစ်)၊ စောကျော်ထု(၂၄ နှစ်)နှင့် လှိုင်းဘွဲ့မြို့နယ်နေ စောဒိကလူး(၃၀ နှစ်) လိုက်ပါလာသည့် Fortuner ယာဉ်ကို စစ်ဆေးခဲ့သည်။ ယာဉ်ပေါ်လိုက်ပါလာသူ စောဒိကလူး၏ ညာဘက်လက်တွင် ကိုင်ဆောင်ထားသောတရုတ်နိုင်ငံလုပ် 5-85900 လက်ပစ်ဗုံး တစ်လုံး(ဖြူ့စ်ပါ)နှင့် ယာဉ်မောင်းထိုင်ခုံနောက်ကျောတွင် ချိတ်ဆွဲထားသည့် လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ကျည် ၂၀ တောင့်၊ WY/Rစာတမ်းပါ စိတ်ကြွဆေးပြား ၄၄၅ ပြားနှင့် ငွေ ၁၀ဝ,ဝ၀ဝ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
၄င်းနေထိုင်ရာ (၄)ရပ်ကွက်ရှိ ကျော်ခိ၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်း အတွင်းရှိ ကြမ်းပြင်ပေါ်မှT-628 အမျိုးအစား ဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက်မိုင်း ၈ လုံး၊ BELL SOUTH T-388 အမျိုးအစားဓာတ်ခဲ(၁၂)လုံးပါ အိမ်တွဲလျက် မိုင်း(၆)လုံး၊ T-628 အမျိုးအစား ရီမု ၂ ခု၊ TESTစာတမ်းပါမိန်းခုံ ၂ ခု၊ အရှည် ၁၃ ပေခွဲခန့်ရှိ ယမ်းကြိုး တစ်ချောင်း၊ TNTအမျိုးအစား ယမ်းပျော့ ၁၅ တောင့်၊ ဒီတိုနေတာ ၂၀ ခု တို့ကို ဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ၄ ဦးကို မြဝတီမြို့မရဲစခန်းက မူးယစ်(ပ)၁၃၃/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရလည်းကောင်း၊ ကျော်ခိနှင့် စောဒိကလူး တို့ ၂ ဦးအား မြဝတီမြို့မရဲစခန်းက(ပ)၇၅၄/၁၈၊ ပေါက်ကွဲပုဒ်မ ၅/၆ အရ လည်းကောင်း အမှုဖွင့်အရေးယူထားသည်။


















