ယခု ရက်ပိုင်းတွင် Power Eleven ကုမ္ပဏီ ဝိုင်ဘီအက်စ် ၂၁ ယာဉ်လိုင်းကို စီးနင်းအားပေးသော ခရီးသွားပြည်သူများအနေဖြင့် ကားစောင့်ဆိုင်းချိန်ကြာမြင့်ခြင်း၊ ကားဆက်ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်နေခြင်းကြောင့် အနူးအညွတ်တောင်းပန်ကြောင်း Power Eleven မှ တာဝန်ရှိသူ ကိုတရုတ်လေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောထားသည်။
ယခင်က Power Eleven ကုမ္ပဏီ ဝိုင်ဘီအက်စ်၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၈၃ စီးဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိပြီး ခရီးသွားဦးရေ ၃၅၀ဝ၀ ခန့် နေ့စဉ်ပို့ဆောင်ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုအခါတွင် ယာဉ် ၃၅ စီးသည် ခရီးစဉ်လမ်းကြောင်းတူ ယာဉ်လိုင်းနံပါတ်တူ ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီသို့ပြောင်းရွှေ့သွားခဲ့ခြင်းကြောင့် ယာဉ်တစ်စီးနှင့်တစ်စီးပြတ်တောက်သွားရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ယခုလက်ရှိအချိန်တွင် Power Eleven ကုမ္ပဏီ အနေဖြင့် ကျန်ရှိနေသော ယာဉ် ၄၈ စီး ဖြင့် ခရီးသွားပြည်သူများစိတ်ချမ်းမြေ့စွာ လိုရာခရီးသို့ သက်တောင့်သက်သာ သွားလာနိူင်ရေးအတွက် ဆက်လက်ပြီး ဝန်ဆောင်မှုပေးနေကြောင်း ဆိုသည်။
Power Eleven ကုမ္ပဏီကို စီးနင်းအားပေးသော ခရီးသွားပြည်သူများ အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အဆင်ပြေချောမွေ့ပြီး ကားစောင့်ဆိုင်းချိန်ကြာမြင့်ခြင်း၊ ကားဆက်ပြတ်တောက်မှုမရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ သို့တင်ပြပြီး ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
















