မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု ၊ ကျောက်မြောင်းကျေးရွာ၏ အရှေ့ဘက် (၄) မိုင်အကွာတွင်ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ (၈) ဦးအတွက် ငွေကျပ် နှစ်ဆယ့်လေးသိန်းနှင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအတွက် ငွေကျပ်ငါးသောင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်က ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာမှ သိရသည်။
ယင်းအပြင်ထပ်မံပြီး သေဆုံးသူ ၅ ဦးအတွက်ကိုလည်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် တစ်ဆယ့်ငါးသိန်းကို စက်တင်ဘာ ၉ ရက်၌ ထောက်ပံ့ပေးခဲ့ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။
ထွန်းရာဇာသတ္တုတူးဖော်ရေးကုမ္ပဏီက လုပ်ကိုင်နေသောကျောက်မီးသွေးတွင်းတွင် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆောမြို့နယ်မြို့မရဲစခန်းက ထွန်းရာဇာသတ္တုတူးဖော် ရေးကုမ္ပဏီမန်နေဂျာကို (ပ) ၁၁၀ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က / ၃၃၈ တို့ဖြင့် အမူဖွင့်အရေးယူထားကြောင်းလည်း သိရသည်။
















