မော်လမြိုင်မြို့တွင် ဆိုင်ကယ် ၁ စီးနှင့်အတူမသင်္ကာဖွယ်တွေ့ရသူ လူငယ် ၃ ဦးကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာမှ ဆိုင်ကယ် ၉ စီးခိုးမှု စက်တင်ဘာ ၉ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။
အဆိုပါနေ့ သန်းခေါင်းကျော် နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက်၊ (၁၂)လမ်းထိပ် မှောင်အရိပ်တွင် နံပါတ်မပါဆိုင်ကယ်တစ်စီးနှင့်မသင်္ကာဖွယ် တွေ့ရသူ အဆိုပါရပ်ကွက်နေ အောင် ကျော်သက်(၂၃)နှစ်၊ အောင်ရွှေဦး (ခ)ချစ်စိန်(၃၂)နှစ်နှင့် ဘိုဘို (ခ) လင်းဘိုဘိုဦး(၁၈)နှစ် ပါ(၃) ဦးကို မုပွန်နယ် မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်း ဦးစီးသည့် လှည့်ကင်း အဖွဲ့က စစ်ဆေးခဲ့သည်။ ၄င်းတို့နှင့်အတူတွေ့ရှိသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ ခိုင်လုံသည့် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် မုပွန်နယ်မြေရဲစခန်းက(ပ) ၈၀ဝ/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၉ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်များအရ မသင်္ကာဖွယ်တွေ့ရှိသည့်ဆိုင်ကယ်ကို လွန်ခဲ့သော ၅ ရက်ခန့်က မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ စမ်းကြီးရပ်၊ မြတ်ရတနာမင်း ကားဂိတ်ရှေ့မှ ခိုးယူလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ၄င်းတို့ကို ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်ဇော်ဝင်းအောင်နှင့်အဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ နေ့ရက် (မမှတ်မိ) အချိန်များက မြို့နယ်အတွင်းမှ ဆိုင်ကယ်(၉)စီးကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။သက်ဆိုင်ရာက ၄င်းတို့ ၃ ဦးခိုးယူခဲ့သည့်ဆိုင်ကယ် ၉ စီးကို ရောင်းချပေါင်နှံထားသည့်နေရာများမှ သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။

















