ရန်ကုန်နှင့်ဟံသာဝတီအသင်း ရွှေ့ဆိုင်းပွဲစဉ် စက်တင်ဘာ ၁၁ ရက်ယှဉ်ပြိုင်မည် အိမ်ရှင်အသင်းဖိအားကို ကြံ့ကြံ့ခံဖို့လိုဟု ဟံသာဝတီနည်းပြဆို

ရန်ကုန်နှင့်ဟံသာဝတီအသင်း ရွှေ့ဆိုင်းပွဲစဉ် စက်တင်ဘာ ၁၁ ရက်ယှဉ်ပြိုင်မည် အိမ်ရှင်အသင်းဖိအားကို ကြံ့ကြံ့ခံဖို့လိုဟု ဟံသာဝတီနည်းပြဆို

မိုးသည်းထန်စွာရွာ၍ ရွှေ့ဆိုင်းခဲ့ရသည့် ရန်ကုန်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ပွဲစဉ်ကို စက်တင်ဘာ ၁၁ရက်မွန်းလွဲ ၃နာရီခွဲတွင် YUSC ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အိမ်ရှင်ရန်ကုန်အသင်း၏ ဖိအားကိုကြံ့ကြံ့ခံဖို့လိုသည်ဟု ဟံသာဝတီအသင်းနည်းပြ ဦးငွေထွန်းက ပြောဆိုသည်။

သတ်မှတ်ခဲ့

ပြီးခဲ့သည့် ဇူလိုင်၂၂ရက်က YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်နှင့်ဟံသာဝတီယူနိုက်တက်အသင်းပွဲစဉ်တွင် ပွဲချိန် ၄၃မိနစ်၌ မက်ခ်ဆာကီ၏ ဂိုးဖြင့် ဟံသာဝတီအသင်းက ဦးဆောင်ကစားခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းပြန်လည်မစတင်မီတွင် မိုးသည်းထန်စွာရွာသွန်းခဲ့၍ လက်ကျန်ဒုတိယပိုင်း ၄၅မိနစ်ကို ယနေ့ပြန်လည်ကစားရန် လိဂ်ပြိုင်ပွဲကျင်းပရေးက သတ်မှတ်ခဲ့သည်။

ဖိအားပေး

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များပြီးဆုံးရန် လက်ကျန်နှစ်ပွဲသာကျန်ရှိတော့သည့်အချိန်တွင် ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းမှာ ယခုပွဲကို အနိုင်ရရှိပါက ဒုတိယနေရာမှ ရှမ်းယူနိုက်တက်ကို လေးမှတ်ဖြတ်ထားနိုင်မည်ဖြစ်သည်။ " လက်ကျန်ဒုတိယပိုင်း ၄၅မိနစ်မှာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ ခံစစ်ချည်းသက်သက်ကစားမှာတော့မဟုတ်ပါဘူး။ ရန်ကုန်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေရဖို့ အိမ်ကွင်းမှာ ဖိအားပေးမှာတော့ ကျိန်းသေပါတယ်။ ဖိအားတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့အတွက် စီစဉ်ထားပါတယ်" ဦးငွေထွန်းက ပြောဆိုသည်။

သေချာနေ

ယနေ့ယှဉ်ပြိုင်ရမည့်ပွဲစဉ်နှင့်ပတ်သက်၍ ရန်ကုန်အသင်းအုပ်ချုပ်သူ ဦးမြင့်သိန်းက ဟံသာဝတီအသင်းမှာ ခံစစ်ပိတ်ဆို့ကစားပုံကောင်းမွန်သည့်အသင်းဖြစ်ကြောင်း ဆိုခဲ့သည်။ " ဟံသာဝတီအသင်းက အသင်းလိုက်ကစားပုံမာတဲ့အသင်းပါ။ တစ်သင်းလုံးအတက်၊အဆင်းကစားနိုင်တယ်။ ခံစစ်ပိတ်ဆို့ကစားပုံကောင်းတယ်။ လက်ကျန် ၄၅ မိနစ်ကို ဂိုးမပေးရအောင် ဟံသာဝတီအသင်းပြင်ဆင်ထားမှာတော့ သေချာပါတယ်" ဟု သုံးသပ်သည်။

လွဲချော်မည်

အဆိုပါပွဲစဉ်အတွက် ဟံသာဝတီအသင်းကစားသမားများ ကြံ့ခိုင်မှုပြည့်ဝနေသော်လည်း ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူကျော်ထူးမှာ ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။ ထို့ပြင် နောက်ခံလူဇော်မင်းထွန်းမှာလည်း ဒဏ်ရာရှိနေ၍ ပွဲစဉ်တွင် ပါဝင်ရန် ကျိန်းသေခြင်းမရှိကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး