သင်္ချိုင်းအတွင်း အရက်အတူသောက်စားစဉ် ငြင်းခုန်ကြရာမှ တုတ်ဖြင့်ရိုက်သတ်သဖြင့် အမျိုးသား ၂ ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၀ ရက်နေ့တွင် တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမရပူရမြို့ မရဲစခန်းမှ သိရသည်။
စက်တင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်း ကျေးရွာရှိ သင်္ချိုင်းအတွင်း လူ ၂ ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ အမရပူရမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါ သင်္ချိုင်းအဝင် အုတ်ဂူပေါ်နှင့်အုတ်ဂူဘေးတို့တွင် မျက်နှာဖူးယောင်ညိုမဲစုတ်ပြတ်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသား ၂ ဦးကိုတွေ့ရပြီး သေဆုံးမှုနှင့်ပတ်သက်၍ အမရပူရမြို့မ ရဲစခန်းက (ပ)၄၃၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းစုံ စမ်းခဲ့ရာ သေဆုံးသူများမှာ အမရပူရမြို့နယ် ဟင်္သာကျေးရွာအုပ်စု၊ ကံသာရပ်နေ မြင့်စိုး( ၅၉) နှစ်နှင့် ရဲမြင့်(ခ)ရဲဝင်း (၄၉) တို့ဖြစ်ကြောင်း သိရှိခဲ့သည်။ စုံစမ်းချက်အရ အခင်းဖြစ်ရပ်စစ်ဆေးစုံစမ်းနေစဉ် ၄င်းတို့ ၂ ဦးနှင့် ရင်နှီးပြီး အရက်သေစာအမြဲ သောက်စား လေ့ရှိသူ စိုင်းဝေကျော် (ခ)ရှမ်းလေးတွင် အပေါ်နှုတ်ခမ်းဝဲဘက်၌ ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်ဖျံတွင် ဖူးယောင်ဒဏ်ရာ၊ ခြေဖဝါးတွင် သွေးများပေနေသည်ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့သည်။
စိုင်းဝေကျော် (ခ)ရှမ်းလေးကို စုံစမ်းချက်အရ အခင်းဖြစ်ပွားသည့်နေ့က ၄င်းအပါအဝင် အောင်နိုင်ဦး၊ ကျော်ဇောဦး၊ညီညီအောင်နှင့် သေဆုံးခဲ့သူ ၂ ဦးတို့မှာ သင်္ချိုင်းအတွင်း အရက် အတူသောက်ခဲ့ပြီး အရက်မူးနေစဉ် တစ်ဖက်နှင့် တစ်ဖက်စကားများရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားစဉ် တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ သေဆုံးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အမှုတွင်ပါဝင်သူ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့ကို သက်ဆိုင်ရာက စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဖော်ထုတ်ဖမ်း ဆီးခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















