နှာခေါင်းကို လက်ဖြင့်လာပိတ်သူ ဇနီးကို ခင်ပွန်းက သံတူဖြင့်ရိုက်သတ်

နှာခေါင်းကို လက်ဖြင့်လာပိတ်သူ ဇနီးကို ခင်ပွန်းက သံတူဖြင့်ရိုက်သတ်

ဝေါမြို့နယ်တွင် နှာခေါင်းကိုလက်ဖြင့်လာပိတ်သူဇနီးကို စိတ်ဆိုးကာ ခင်ပွန်းက သံတူဖြင့်ရိုက်သတ်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၁၀ ရက်နေ့က အမှုဖွင့်အရေးယူထားသည်။ 

အဆိုပါနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ဝေါမြို့ လေးအိမ်စုကျေးရွာနေ ဦးစိုးမြင့် နေအိမ်မှ အော်ဟစ်သံများ ကြားသဖြင့် ရာအိမ်မှူးဦးကျော်စိုးမှ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ကြည့်ရှုစဉ် ဦးစိုးမြင့်မှာ နေအိမ်တွင် ပက်လက်အနေအထားဖြင့်လှဲနေသည်ကိုတွေ့ရပြီး ၄င်း၏ခြေရင်းတွင် ဦးစိုးမြင့်၏ဇနီးတော်စပ်သူဒေါ်ခင်စန်းဦး(ခ) ဒေါ်ကုလားမကို စောင်ဖြင့်တစ်ကိုယ်လုံးအုပ်ထားသည်ကို တွေ့ရှိခဲ့သည်။ စောင်ကိုလှန်ကြည့်ရာ ဒေါ်ခင်စန်းဦးမှာ ဦးခေါင်းခွံနောက်စေ့ကွဲအက်ဒဏ်ရာ၊ လည်ဂုတ်တွင်ပြတ်ရှဒဏ်ရာ၊ အခြားပြတ်ရှဒဏ်ရာများနှင့်သွေးများထွက်၍သေဆုံးနေသည်ကို တွေ့ရသဖြင့် မေးမြန်းခဲ့ရာ ဇနီးက မိမိ၏နှာခေါင်းကို လက်ဖြင့်လာပိတ်သဖြင့် စိတ်ဆိုးဒေါသထွက်ကာ နေအိမ်တွင်အသုံးပြုသည့် သံတူဖြင့် ထုရိုက်မိကြောင်းပြောပြသိရသဖြင့် အရေးယူပေးရန် တရားလိုပြုလုပ် တိုင်ကြားခဲ့သည်။ 
မြစ်ကျိူးနယ်မြေရဲစခန်းက (ပ) ၁၀၆ / ၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။