စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မင်းတည်ကျေးရွာတွင် ဖမ်းဆီးရမိသည့် ကလေးသူခိုးကို လူသတ်မီးရှို့ခဲ့သည်ဆိုသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း ချောင်းဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက စက်တင်ဘာ ၁၁ ရက်က မြန်မာတိုင်းမ်ကို ပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီ အချိန်ခန့်တွင် ချောင်းဦးမြို့နယ် မင်းတည်ကျေးရွာ၌ မီးပျက်တောက်နေချိန်တွင် ကလေးငယ်တစ်ဦးကို လူ ၅ ဦးခန့်ပါ အုပ်စုမှ ခိုးယူစဉ် ကလေးငယ်က အော်ဟစ်သဖြင့် ရွာမှလူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အသက် ၅၀ အရွယ်ခန့် ကြည်လင်ဆိုသူ အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။
ထို့နောက် သတ်ဖြတ်ခဲ့ကာ ကျေးရွာသင်္ချိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။
'' လောလောဆယ် တိုင်း၊ခရိုင်က ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေတယ်လို့တော့ သိရတယ်။ ပစ္စည်းခိုးတဲ့သူလား၊ ကလေးခိုးတဲ့သူလားဆိုတာတော့ မသိသေးဘူး။ တစ်ရွာလုံးနီးပါး ဝိုင်းပြီး ဖမ်းဆီးခဲ့တယ်။ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ကြားတယ်။ ၃ ယောက်ထွက်ပြေးသွားတယ်လို့လည်း သိရတယ်။ မနက်ကစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးလည်းလာတယ်။ သတင်းအပြည့်အစုံမရသေးတော့ ပြော လို့မရဘူးဖြစ်နေတယ်။ ရွာသားတွေက မေးတော့လည်း တစ်ယောက်မှ မပြောဘူးလို့ ကြားတယ်" ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြချက်များအရ အဆိုပါဖမ်းဆီးရမိသူ အမျိုးသားကို ရွာသားများက ဝိုင်းဝန်းရိုက်နှက်ပြီး လည်ပင်းကို ဓားဖြင့်လှီးဖြတ်ကာ ကျေးရွာသင်္ချိုင်းတွင် မီးရှို့ခဲ့ကြကြောင်း ဖော်ပြထားသည်။ အဆိုပါလူသတ်မီးရှို့မှုနှင့်ပတ်သက်၍ ချောင်းဦးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ " မီးရှို့သတ်မှုဖြစ် စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများသွားရောက်ပြုလုပ်နေခြင်းကြောင့် ပြောဆိုနိုင်ခြင်း မရှိကြောင်း " တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မြန်မာတိုင်းမ်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်းဦးမြို့မရဲစခန်းက (ပ)၂၁၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၀၁/၁၁၄ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















