ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ City Star Hotelတွင် စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃နာရီ မိနစ်၂၀အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးမွှန်ဒဏ်ခံစားရသည့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံတင်ပို့ပေးခဲ့ကြောင်း သိရသည်။
"မီးလောင်တဲ့အခန်းမှာ ဧည့်သည်မရှိဘူး၊ အဲကွန်းအောက်ဒိုးကနေတစ်ဆင့် မီးခိုးတွေထွက်လာပြီးတော့ မီးလောင်တာ၊ အဲဒီအချိန်က ကိုယ်က ခုနစ်လွှာမှာ ရောက်နေတယ်။ ဟိုတယ် လုံခြုံရေးကနေ ဟိုးအပေါ်ဆုံးထပ်ကို တက်ပါလို့ ပြောတယ်။ အစ်မတို့ အပေါ်ကိုရောက်တဲ့အခါ လှေကားထောင်ပေးတယ်။ လှေကားက အစ်မတို့ ရှိတဲ့နေရာအထိ မရောက်ဘူး။ အဲဒါကြောင့် မီးသတ်တပ်ဖွဲ့တွေ မီးငြှိမ်းပြီးမှ အောက်ထပ်ဆင်းလာနိုင်တယ်။ လတ်တလောတော့ မီးခိုးမွှန်တာကို ခံစားနေရတယ်"ဟု ဟိုတယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုအတွင်း နိုင်ငံခြားသား ခုနစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး ကလေးငယ်တစ်ဦးတို့ မီးခိုးမွှန်ဒဏ်ခံစားရပြီး ဟိုတယ်အနီးရှိ မိတ္တူဆိုင်တွင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြုစုကုသပေးနေစဉ် ၄င်းတို့အနက် ဟိုတယ်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးကို ဆေးရုံတင်ပို့ပေးခဲ့ကြောင်း သိရသည်။
"ဟိုတယ်ဝန်ထမ်းအမျိုးသမီးနှစ်ယောက် ဘေးတိုက်ကနေ ကျော်ဆင်းတယ်။ ကျန်တာတွေက အရေးပေါ်လှေကားက ဆင်းတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ကယ်နေတဲ့အချိန်မှာ သူတို့က ခုန်ချဖို့လုပ်နေကြတာ" ဟု ဗဟန်းမြို့နယ်မှ တူညီသောတွဲလက်များအဖွဲ့ ကယ်ဆယ်ရေးအဖွဲ့မှ ကိုကျော်သက်က ပြောသည်။
;မွန်းလွဲ၃နာရီ ၃၅မိနစ်အချိန်တွင် မီးထိန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကုတင်နှစ်လုံး၊ မွေ့ယာနှစ်လုံး၊ အဲကွန်းတစ်လုံး စုစုပေါင်း ကျပ် ၃၁၀ဝ၀ဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုမှာ အဲကွန်းအပူလွန်ကဲခြင်းကြောင့် မီးလောင်ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

















