အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ၂၀၁၈မြန်မာဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အပြီးတွင် လိဂ်ပြိုင်ပွဲကို နှစ်လကြာခေတ္တရပ်နားမည်ဖြစ်သည်။
ဖိအားပေး
မြန်မာဖူဆယ်လိဂ်ပွဲစဉ်(၆)ကို စက်တင်ဘာ ၁၂ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ Myoma YTD FC နှင့် ပြည်ယူနိုက်တက်၊ White Colour FC နှင့် MIC FC ၊ UPT FC နှင့် VUC FC ၊ ရန်ကုန်စီတီးနှင့် Titan X။ FC ၊ MFF U-19 နှင့် Comrade FC၊ GV Athletic FC နှင့် AMM FC အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို VUC အသင်းက ရမှတ် ၁၅မှတ်ဖြင့် ဦးဆောင်နေပြီး MIC အသင်းက ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာမှ ဖိအားပေးလျက်ရှိသည်။
ထိပ်တိုက်တွေ့
စက်တင်ဘာ ၁၂ရက်တွင် ကျင်းပမည့် ပွဲစဉ်(၆)တွင် ဇယားထိပ်ဆုံးမှ VUC အသင်းနှင့် ရမှတ် ၁၂မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသော UPT အသင်းတို့ ထိပ်တိုက်ဆုံတွေ့လျက်ရှိရာ ဇယားရပ်တည်မှုအပြောင်းအလဲဖြစ်ပေါ်လာဖွယ်ရှိနေသည်။ ပွဲစဉ်(၆)ပွဲစဉ်များယှဉ်ပြိုင်အပြီးတွင် လိဂ်ပြိုင်ပွဲကို နှစ်လကြာရပ်နားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ရက်မှပြန်လည်စတင်မည်ဖြစ်သည်။
ထုတ်ပြန်မည်
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပဏာမကစားသမား ၂၂ဦးစာရင်းကို ယနေ့ယှဉ်ပြိုင်မည့် ဖူဆယ်လိဂ်ပွဲစဉ်များအပြီးတွင် ထုတ်ပြန်မည်ဟုသိရပြီး အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်ရန် စက်တင်ဘာ ၁၆ရက်တွင် စခန်းသွင်းလေ့ကျင့်မည်ဖြစ်သည်။















