အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ၏ နည်းပြများသည် ၂၀၁၉ခုနှစ်ဘောလုံးရာသီမှစ၍ ကလပ်အသင်းများကို ပရိုလိုင်စင်ရှိမှ ကိုင်တွယ်ခွင့်ရတော့မည်ဖြစ်ရာ ပြည်တွင်းနည်းပြများ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် တစ်နှစ်ဆိုင်းငံ့ပေးရန် တင်ပြမည်ဟု မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောဆိုခဲ့သည်။
ကုန်ကျစရိတ်
အဆိုပါပြဌာန်းချက်နှင့်ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်သို့ အကြောင်းကြားစာရောက်ရှိမလာသေးသော်လည်း ၂၀၁၉ခုနှစ်တွင် ယင်းဥပဒေသာ အသက်ဝင်လာပါက ပြည်တွင်းနည်းပြများအခက်အခဲမရှိစေရန်အတွက် မြန်မာနေရှင်နယ်လိဂ်မှ ပြင်ဆင်လျက်ရှိသည်။" ပရိုလိုင်စင်ရဖို့က အခက်အခဲတွေအများကြီးရှိပါတယ်။ ပရိုလိုင်စင်ဖြေဖို့အတွက် ဒေါ်လာ ၂သောင်းခွဲလောက်ကုန်ကျစရိတ်ရှိလိမ့်မယ်။ ပြီးတော့ ပြိုင်ပွဲပေါင်းများစွာလည်း အစစ်ဆေးခံရမယ်။ ပရိုလိုင်စင်ရဖို့က မလွယ်ပါဘူး။ ပြည်တွင်းနည်းပြတွေထဲမှာလည်း ပရိုလိုင်စင်ရနည်းပြမရှိသေးဘူး။ တရားဝင်အကြောင်းကြားစာတော့ မရောက်သေးပေမယ့် ၂၀၁၉ခုနှစ်ကို ချွင်းချက်အနေနဲ့ ဆိုင်းငံ့ပေးဖို့ အေအက်ဖ်စီကိုတင်ပြသွားမှာပါ။ မရရင်တော့ သူတို့သတ်မှတ်ချက်အတိုင်း သွားရမှာပေါ့" ဟု ဦးစိုးမိုးကျော်က ပြောဆိုခဲ့သည်။
ကြိုးစားလျက်ရှိ
မြန်မာနိုင်ငံ၌ အက်ဖ်စီ အေလိုင်စင်ရနည်းပြများသာရှိသေးပြီး ပရိုလိုင်စင်ရနည်းပြများ ထွက်ပေါ်လာရေးအတွက် ပြည်တွင်း၌ ပရိုလိုင်စင်သင်တန်းဖွင့်ခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကြိုးစားလျက်ရှိနေသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အေအက်ဖ်စီ အေလိုင်စင်သင်တန်းကို စက်တင်ဘာ ၄ရက်မှ ၃၀ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပြည်တွင်းမှ ၂၃ ဦးနှင့် သြစတြေးလျကလပ် ပါရာမတ်တအက်ဖ်စီ မှ နည်းပြတစ်ဦးတို့ တက်ရောက်လျက်ရှိသည်။
ခန့်အပ်ထား
ယခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်း၁၂သင်းဖြင့် ကျင်းပလျက်ရှိရာ ရှမ်းယူနိုက်တက်တစ်သင်းတည်းသာ ပရိုလိုင်စင်ရနိုင်ငံခြားသားနည်းပြချုပ်ကို ခန့်အပ်ထားပြီး ကျန်သည့် ကလပ်၁၁သင်းမှာ ပရိုလိုင်စင်မရသေးသည့် ပြည်တွင်းနည်းပြများကို နည်းပြချုပ်အဖြစ်ခန့်အပ်ထားသည်။ ထို့ကြောင့် လာမည့်ရာသီတွင် ယင်းဥပဒေသာ အသက်ဝင်လာပါက နေရှင်နယ်လိဂ်ကလပ်အသင်း ၁၂သင်းစလုံး၌ ပရိုလိုင်စင်ရ နိုင်ငံခြားသားနည်းပြများကို မြင်တွေ့ရန် အလားအလာ များလျက်ရှိနေသည်။















