တနင်္သာရီတိုင်းဒေသကြီး ရေး - ထားဝယ် ကားလမ်းပေါ်တွင် ၁၂ ဘီးကုန်တင်ယာဉ် အရှိန်လွန် တိမ်းမှောက်ကာ ဈေးဆိုင် ၄ ဆိုင်ပျက်စီးခဲ့မှု စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ မွန်းလွဲ ၁နာရီ မိနစ်၂၀ အချိန်ခန့်တွင် ထားဝယ်ခရိုင်၊ ရေး-ထားဝယ် ကားလမ်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာကသွားရောက်စစ် ဆေးခဲ့သည်။ စုံစမ်းချက်အရ ရေဖြူမြို့(ဂ)ရပ်ကွက် ရေး-ထားဝယ်ကားလမ်းအတိုင်း ထားဝယ်မှရေးသို့ ယာဉ်မောင်း ဆန်းမြင့်လတ် (၃၇)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် သက်အောင် တို့ မောင်းနှင်လိုက်ပါလာသည့် အဆိုပါ ၁၂ ဘီးကုန်တင်ယာဉ်မှာ မိုင်တိုင် အမှတ်(၁၃/၅)နှင့်(၁၃/၆)အကြားအရောက် လမ်းကွေ့ ဖြစ်သဖြင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့်လမ်းဘေးတွင်ဖွင့်လှစ်ထားသည့် ကလေးကစားစရာပစ္စည်း ၊လူသုံး ကုန်ပစ္စည်း၊စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များပျက်ဆီးဆုံးရှုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို ရေဖြူနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
















