စေတီနှင့် ဘုရားကျောင်းမှ ကြေးဖူးတော်နှင့် ကြေးခေါင်းလောင်းများခိုးသူ ကလေးနှစ်ဦးအဖမ်းခံရ

စေတီနှင့် ဘုရားကျောင်းမှ ကြေးဖူးတော်နှင့် ကြေးခေါင်းလောင်းများခိုးသူ ကလေးနှစ်ဦးအဖမ်းခံရ

သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ စေတီနှင့် ဘုရားကျောင်းတို့မှ ကြေးဖူးတော်နှင့် ကြေးခေါင်းလောင်းများ ခိုးယူရောင်းချခဲ့သူ ကလေးနှစ်ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သန်လျင်မြို့ မရဲစခန်းမှ စက်တင်ဘာ ၁၂ ရက်က သိရသည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် သန်လျင်မြို့နယ် ရွှေပေါ်ကျွန်းလမ်းမပေါ်၌ ခိုးမှုကျူးလွန်ထားသူ သန်လျင်မြို့နယ်နေ ဇင်ကို(ခ)နေမျိုးအောင်(၁၅)နှစ်နှင့် မှော်ဘီမြို့နယ်နေ ကျော်ဇင်ဦး(ခ)ကရင်(၁၅)နှစ်တို့ကို လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ 
၄င်းတို့ ၂ ဦးကိုစုံစမ်းစစ်ဆေးချက်အရ စက်တင်ဘာ(ရက်မမှတ်မိ) ညပိုင်းတွင် ကြေးဖူးတော် (၂)ခုနှင့် ပန်းပွင့်ပုံပါ ဆီမီးခွက်(၁)ခုတို့ကို ဘုရားကုန်းကျေးရွာ ရွှေပေါ်ကျွန်းကျေးရွာ ကာလိမာန် မယ်တော်ကျောင်းမှလည်းကောင်း ၊ ကြေးခေါင်းလောင်းအသေး(၁၄)လုံးကို ဘုရားကုန်းကျေးရွာ ရွှေပေါ်ကျွန်းစေတီရှိ အရံစေတီမှလည်းကောင်း ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
သန်လျင်မြို့မ ရဲစခန်းက(ပ)၂၄၃၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူထားသည်။