တာမွေမြို့နယ် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖမ်းမိ

တာမွေမြို့နယ် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖမ်းမိ

တာမွေမြို့နယ်ရှိ ဂိမ်းဆိုင်တစ်ခုတွင် ကလေးချင်းစကားများရာမှ လူကြီးအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည့်အမှုမှ ကျုးလွန်သူ ၈ ဦးကို သက်ဆိုင်ရာက ညတွင်းချင်း ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီက တာမွေမြို့နယ်၊ (က)ရပ်ကွက်နေ အသက်၄၉ နှစ်အရွယ် တိုင်ကြားသူ အမျိုးသမီးသည် အတူနေသမီးဖြစ်သူနှင့် သမီး၏ခင်ပွန်းဖြစ်သူ ကတုံးမ(ခ) ဇော်ဟိန်းသူ၊ (၃၀)နှစ်တို့နှင့်အတူ ကျိုက္ကဆံလမ်းမပေါ်ရှိ 777 ဂိမ်းဆိုင်အနီးရှိနေခဲ့သည်။
ထိုစဉ် ဆိုင်ရှေ့တွင် သမီးဖြစ်သူ၏ ကလေး(၄င်း၏မြေး)ကို အနီးရှိ ကလေးတစ်ဦးက ကစားစရာသေနတ်ဖြင့် ဦးခေါင်းကို ထုနေသောကြောင့် မထုရန်ပြောဆိုရာမှ အဆိုပါကလေး၏ မိခင်ဖြစ်သူနှင့်စကားများရန်ဖြစ်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ည ၁၀ နာရီ ၁၅ နာရီအချိန်ခန့်တွင် ဝင်းထွဋ်ဝင်းဆိုသူမှ တိုင်ကြားသူ၏ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်၍ “မင်းတို့စောက်ချိုးမပြေဘူး မင်းတို့ကိုလာခုတ်မယ်”ဟု ပြောကြားခဲ့ပြီး ဖုန်းထဲတွင် အပြန်အလှန်စကားများခဲ့ကြသည်။ 
ထို့နောက် ၎င်းတို့မိသားစုမှာ တိုက်အောက်သို့ဆင်းလာစဉ် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင် ကား (၃)စီးမောင်းနှင်လာပြီးရပ်တန့်၍ ကားပေါ်မှ လူတစ်စုဆင်းလာပြီး ၎င်းတို့လက်ထဲတွင် လှံ၊ ဓားများကိုင်ဆောင်ကာ ပြေးဝင်ထိုးခုတ်ခဲ့ ကြသောကြောင့် တိုင်ကြားသူ၏ ခင်ပွန်းတွင် ယာလက်ထိုးသွင်းဒဏ်ရာဖြင့်လည်းကောင်း၊ ၎င်းတို့အိမ်မှ အလုပ်သမားဖြစ်သူ ဇော်လင်းဦးတွင် ဝဲပခုံးထိုးသွင်းဒဏ်ရာ၊ ဝဲမျက်ရိုးထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း၊ သမက်ဖြစ်သူ ကတုံးမ(ခ)ဇော်ဟိန်းသူမှာ ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ၊ ဝဲမျက်ခုံးဖူးရောင်ဒဏ်ရာ၊ ဝဲမျက်လုံးပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ၊ ကျောကုန်းဝဲဘက်ထိုးသွင်းဒဏ်ရာ၊ ယာပေါင်ပြတ်ရှဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သမက်ဖြစ်သူ ကတုံးမ(ခ)ဇော်ဟိန်းမှာ လမ်း၌သေဆုံးသွားခဲ့သည်။ 
ခင်ပွန်းဖြစ်သူနှင့် အလုပ်သမားဖြစ်သူတို့မှာ ဆေးရုံတွင် ကုသလျက်ရှိသဖြင့် နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူနှင့် သမက်ဖြစ်သူအားသေဆုံးအောင် ပြုလုပ်သူတို့ကိုအရေးယူပေးရန် တိုင်ကြားခဲ့သည်။ တာမွေမြို့မရဲစခန်းက (ပ)၈၈၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ အရအမှုဖွင့်စုံစမ်းခဲ့သည်။ 
ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ အခင်းဖြစ်နေရာတွင် ကျူးလွန်သူများကျန်ရှိခဲ့သည့် Toyota Succeed အပြာရောင်အငှားယာဉ်ပေါ်မှ ဓားရှည်(၉)ချောင်း၊ ဓားတို(၂)ချောင်း၊ လှံ (၂)ချောင်း၊ ပေါက်စိန် (၁)လက်၊ သံလက်သီးကွင်း(၁)ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊ တာမွေယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်(၂) ချောင်းတို့ ကိုအ သီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
ထို့နောက် ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်တွင် Toyota Caldina အငှားယာဉ်ပေါ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဖြူတုတ်(ခ)သိန်းထွေး၊ (၄၀)နှစ်ကို ရန်ဖြစ်စဉ်တွင် ရရှိသော ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ သာကေတမြို့နယ်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ (၄၁)နှစ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ သီဟအောင်၊(၃၅)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ယဉ်မိုး(ခ)မိုးကြီး၊ (၄၁)နှစ်တို့ကိုဖမ်းဆီးရမိခဲ့သည်။ 
ထိုစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၇)ရပ်ကွက်နေ ဝင်းမြင့်၊ (၄၂)နှစ်မှာ Toyota Alphardအဖြူရောင်ယာဉ်နှင့် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီခွဲတွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းပေါ်တွင်ကားရပ်၍ ကားပေါ်မှ ဆင်းလာပြီး ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ကပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ထို့ကြောင့် ၎င်း၏ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိခဲ့သည်။ အမှုတွင် ပါဝင်သူဆိုသူ သာကေတမြို့နယ်နေ သိန်းထိုက်အောင်(ခ)အန်းကုန်း၊ (၂၉)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မင်းအောင်၊ (၄၂) နှစ်၊သာကေတမြို့နယ်နေ ဝင်းထွဋ်ဝင်း၊ (၄၂)နှစ်ကို စက်တင်ဘာ ၁၂ သန်းခေါင်ကျော် နံနက် ၁၂ နာရီ ၁၅ မိနစ်တွင်ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံလမ်းအနီး၊ ဗေလုဝကွေ့တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိသူဝင်းထွဋ်ဝင်းပါ (၈) ဦးတို့ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့ကိုချုပ်ရမန်ရယူကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူထားသည်။