ခေါက်ဆွဲခြောက်စက်ရုံတွင် ဝန်ချီကရိန်းပြုတ်ကျသဖြင့် တစ်ဦးသေဆုံး

ခေါက်ဆွဲခြောက်စက်ရုံတွင် ဝန်ချီကရိန်းပြုတ်ကျသဖြင့် တစ်ဦးသေဆုံး

မင်္ဂလာဒုံမြို့နယ်ရှိ ခေါက်ဆွဲခြောက်စက်ရုံတွင် ဝန်ချီကရိန်းပြုတ်ကျသဖြင့် လူတစ်ဦးသေဆုံးခဲ့မှု စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ ည ၇ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ယမ်ယမ် ခေါက်ဆွဲခြောက်စက်ရုံတွင် ဝန်ချီစက်ပေါ်မှပြုတ်ကျသဖြင့် လူတစ်ဦးသေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူ အမျိုးသားမှာ မင်္ဂလာဒုံမြို့နယ်ရှိ ထွန်းမေတ္တာဂျုံစက်ရုံမှ ဂျုံထမ်းအလုပ်သမား ဦးဇော်ဝင်း (၄၃ နှစ်)ဖြစ်ပြီး ခေါက်ဆွဲခြောက်စက်ရုံရှိ အမြင့်ပေ ၃၀ ခန့် စက်ရုံအပေါ်ထပ်သို့ ဂျုံအိတ်များကို ဝန်ချီကရိန်းအသုံးပြုတင်ပို့စဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ 
ဦးနှောက်ပွင့်ထွက်၊ ဦးခေါင်းခွံအက်ကွဲဒဏ်ရာများရရှိသေဆုံးခဲ့ပြီး တပ်ဆင်ထားသည့် စီစီတီဗီမှတ်တမ်းများအရ သေဆုံးသူနှင့်အတူ ဂျုံထမ်းဝန်ထမ်း ၅ ဦးမှာ ဂျုံအိတ် ၂၅ အိတ်ကို ဝန်ချီကရိန်းအသုံးပြု၍ တင်ဆောင်ခဲ့ခြင်းဖြစ်သည်။ 
ဝန်ချီကရိန်းပေါ်တွင် ဦးဇော်ဝင်းရှိနေခဲ့ပြီး ဂျုံထမ်းဝန်ထမ်းကျော်မင်းလွင်(ခ)မိုးဒီ(၁၉ နှစ်)နှင့် မိုးအောင်(၄၂ နှစ်) တို့ ၂ ဦးက ဝန်ချီကရိန်းတွင်ညပ်နေသည့် သံပြားကို ဆွဲဖယ်ထုတ်စဉ် ကရိန်းကိုချိတ်ထားသောချိတ် ပြုတ်ထွက်ကာ ဝန်ချီကရိန်းပေါ်တွင် ရှိနေသည့် ဦးဇော်ဝင်းမှာ ကရိန်းနှင့်အတူ အောက်သို့ပြုတ်ကျသေဆုံးခဲ့သောကြောင့် ဝန်ချီ ကရိန်းကို ပေါ့ဆစွာအသုံးပြုသူ ကျော်မင်းလွင်(ခ)မိုးဒီ နှင့် မိုးအောင် တို့ ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံပြီး သေဆုံးသူ၏ အလောင်းကို မ/ဥက္ကလာပ ဆေးရုံသို့ပို့အပ်ခဲ့သည်။ မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၈၉၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ -က အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။