လမ်းလျှောက်လာသူ အမျိုးသမီးထံမှရွှေဆွဲကြိုးလုယူသူကို ပြည်သူနှင့်ရဲပူးပေါင်း ဖမ်းဆီး

လမ်းလျှောက်လာသူ အမျိုးသမီးထံမှရွှေဆွဲကြိုးလုယူသူကို ပြည်သူနှင့်ရဲပူးပေါင်း ဖမ်းဆီး

လသာမြို့နယ်တွင် လမ်းလျှောက်လာသူ အမျိုးသမီးထံမှရွှေဆွဲကြိုးလုယူခဲ့သည်ဆိုသူကို ပြည်သူနှင့်ရဲတပ်ဖွဲ့ ပူးပေါင်း၍ စက်တင်ဘာ ၁၂ ရက်ကဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ ည ၇  နာရီ အချိန်တွင် ဒဂုံမြို့နယ်၊ မင်းမနိုင် ရပ်ကွက်နေ တိုင်ကြားသူအမျိုးသမီး အလုပ်မှနေအိမ်သို့ပြန်စဉ် လသာမြို့နယ်၊ (၂၆)လမ်းအတွင်း ဈေးဝယ်၍ ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက်ပြန်ခဲ့သည်။

လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းရှေ့အရောက်တွင် အမည်မသိအမျိုးသားတစ်ဦးက တိုင်ကြားသူအမျိုးသမီး၏လည်ပင်း၌ ဝတ်ဆင်ထားသော ငါးရံ့မီး အမျိုးအစား(လက်ဝါးကပ်တိုင်)လော့ကတ်သီးပါ အလေးချိန် ၃ မတ်သားခန့်ရှိ ရွှေဆွဲကြိုးအား ဆွဲဖြုတ်ထွက်ပြေးခဲ့သောကြောင့်ပတ်ဝန်းကျင်ကိုအော်ဟစ် အကူအညီ တောင်းခံခဲ့သည်။

ထိုသို့အကူညီတောင်းခံစဉ်  ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်ပေါက်အနီးအရောက် ရပ်ကွက်နေပြည်သူများနှင့် လှည့်ကင်းအဖွဲ့က ရွှေဆွဲကြိုးဖြုတ်ယူသွားသူကိုဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဖမ်းဆီးရမိသူမှာ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်နေ ဇေယျာလင်း(ခ)အရှည်ကြီး၊ (၂၂)နှစ် ဖြစ်ကြောင်းသိရှိရပြီး အခြားမှုများကျူးလွန်ခြင်းရှိ မရှိ ဆက်လက်စစ်ဆေးလျက်ရှိသည်။ လသာမြို့မရဲစခန်း (ပ)၂၆၃/၁၈၊  ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။