လူကုန်ကူးခံခဲ့ရသူများအား အချိန်မီကယ်တင်ရန် နှောင့်နှေးကြန့်ကြာမှုများရှိပြီး နေရပ်ပြန်ရောက်လာ သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းပေးရန် စိန်ခေါ်မှုများရှိကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ မူးယစ်ပြတိုက်၌ ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
" လူကုန်ကူးသူတွေ ပြည်တွင်းမှာခိုအောင်းနေတာကို ဖမ်းဆီးဖို့ခက်ခဲသလို ပြည်ပနိုင်ငံတွေဆီ လူကုန်ကူးခံရသူတွေကို အချိန်မီကယ်တင်နိုင်ဖို့နှောင့်နှေးကြန့်ကြာမှုတွေရှိတယ်။ နေရပ်ကိုပြန်ရောက် လာတဲ့ လူကုန်ကူးခံရသူတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ဖို့တွေက စိန်ခေါ်မှုတွေဖြစ်နေ တယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင်မှာ အသုံးပြုဖို့ သီးသန့်ရံပုံငွေ ထူထောင်ထားတာ မရှိဘူး၊ သီးသန့်ရံပုံ ငွေထူထောင်ဖို့လိုပါတယ်" ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောသည်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှု စစ်တမ်းများအရ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၇၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ ထိုင်း ၄ ဒသမ ၉၇ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့ လူကုန်ကူးမှု သုည ဒသမ ၃၇ နှင့် ပြည်တွင်းလူကုန်ကူးမှု ၂၁ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံတွင် လူကုန်ကူးမှုအများဆုံးခံရသည့်နိုင်ငံမှာ ကမ္ဘာဒီးယား၊ လာအိုနိုင်ငံဖြစ် ပြီး မြန်မာနိုင်ငံတွင် အဖြစ်များသည့် လူကုန်ကူးခံရမှုမှာ အဓမ္မလက်ထပ်ထိန်းမြားခံရမှု ဖြစ်သည်။ အိမ်နီးချင်း တရုတ်နိုင်ငံ ဇနီးလိုအပ်ချက်အရ မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုများအပြင် အမျိုးသားနှင့် ကလေးငယ်တို့လည်း နှစ်စဉ် လူကုန်ကူးခံရမှုများဖြစ်ပေါ်လျက်ရှိသည်။
" လူကုန်ကူးတဲ့ သူတွေက အဝေးကလာတဲ့ သူတွေမဟုတ်ဘူး၊ တချို့ဆိုရင် မိတ်ဆွေ၊ သူငယ် ချင်း၊သမီးရည်စားနဲ့ ဆွေမျိုးသားချင်းတွေက ကျူးလွန်တာတွေဖြစ်တယ်။ ခြိမ်းခြောက်တာ၊ အကြပ် ကိုင်တာ၊ ဘဝရပ်တည်ခက်ခဲမှုကို အသုံးချမှု၊ လိမ်လည်လှည့်ဖြားမှုစတဲ့ အချက်အလက်တွေ ကိုသုံးပြီး ရည်ရွယ်ချက်နဲ့ လိင်၊ လုပ်အား ကို ခေါင်းပုံဖြတ်ရင် လူကုန်ကူးမှုမြောက်တယ်" အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) မှ ဒုရဲမှူး မာမာသိန်းကပြောသည်။
လူကုန် ကူးမှုလမ်းကြောင်းများလည်း တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲမှုများ ရှိကာ တရုတ်အမျိုး သား နှင့် လက်ထပ်ပေါင်းသင်းရမည်ကို သိလျက် သွားရောက်နေမှုများလည်းရှိနေကြောင်း လူကုန်ကူး မှုတား ဆီးကာကွယ်ရေးတပ်ဖွဲ့၏ စစ်တမ်းများတွင် ဖော်ပြသည်။
" ပဉ္စမမြောက် လူကုန်ကူးမှုတိုက်ဖျက်မှုနေ့ပြီးတဲ့ ၂၀၁၇ ခုနှစ်ကစလို့ ဒီနေ့ အထိ လူကုန်ကူးမှု ၂၀၂ မှုကျော်ဖော်ထုတ်နိုင်ခဲ့တယ်။ အမှုပေါင်း ၂၄၂ မှု ကို တရားစွဲတင်အရေးယူနိုင်ခဲ့တယ်။ ဒီလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေကို စနစ်တစ်ကျ ဖော်ထုတ်အရေးယူပေးပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်ပြီးဆောင်ရွက်မယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးပုဒ်မ ၂၄ အရ အသက် ၁၆ နှစ်အောက်ကလေး၊ အသက် ၁၆ နှင့် ၁၈ အကြား လူငယ်ဟု သက်မှတ်ထားပြီး အဆိုပါအသက်အရွယ်အတွင်ကျူးလွန်သူများကို အနှိမ့် ဆုံးထောင်ဒဏ် ၁၀ နှစ် နှင့် အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အရပြင်ငွေဒဏ်လည်းကျခံရမည်ဖြစ် ကြောင်းဖော်ပြထားည်။ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးများ အပေါ် လူကုန်ကူးမှုကျူးလွန်ခဲ့ပါက အနိမ့်ဆုံး ထောင်ဒဏ် ၅ နှစ် မှ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် ကျခံရမည် ဖြစ်ကြောင်း ဥပဒေကဖော်ပြထားသည်။
'' လူကုန်ကူးရောင်းစားခံရတဲ့ သူတွေ ဆိုရင် သူတို့ တွေရဲ့ အခက်အခဲတွေကိုကူညီပေးနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်ဖို့ မသိကြတဲ့ သူတွေလည်းရှိတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် လူကုန်တားတပ်ဖွဲ့စုတွေက မြို့ရွာအနှံ ကွင်းဆင်းပြီး အသိပညာပေးဆောင် ရွက်မှုတွေလုပ်နေတယ်" ဟု အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) မှ ဒုရဲမှူး မာမာသိန်းကပြောသည်။

















