ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၇၀ ဘီလီယံ ထည့်ဝင်ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသော ဝိုင်ဘီအက်စ် ယာဉ်လိုင်းစနစ်မှာ ယနေ့အချိန်ထိ အရှုံးပေါ်နေကြောင်း စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှကပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆ - ၂၀၁၇ ခုဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား စက်တင်ဘာ ၁၄ ရက်၌ လွှတ်တော်သို့ရှင်းလင်းပြရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် တရုတ်နိုင်ငံထုတ်ဘတ်စ် ကားအသစ် စီးရေ ၁၀၀၀ အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် တရုတ်နိုင်ငံတို့ အစိုးရချင်း ညှိနှိုင်းချက်အရ တစ်စီးလျှင် ကျပ် ၇၇ သန်းဖြင့် ဝယ်ယူရာ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရထည့်ဝင်ငွေကျပ် ၇၀ ဘီလီယံဖြင့် လုံလောက်မှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ကျပ် ၈ ဘီလီယံထပ်မံချေးဌားပြီး ဝယ်ယူခဲ့ကြောင်း ၊ ဘက်စ်ကား စီးရေ ၁၀၀၀ အား ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများပိုင် ကုမ္ပဏီလီမီတက်တို့က အစီး ၅၀၀ စီခွဲဝေယူ၍ မော်တော်ယာဉ်ဝယ်ယူခဲ့သည့် ငွေကြေးတန်ဖိုးကျပ် ၇၀ ဘီလီယံနှင့် ချေးယူထားသည့် ၈ ဘီလီယီ စုစုပေါင်း ၇၈ ဘီလီယံအား ခွဲဝေတာဝန်ယူကြောင်း သိရသည်။
" ရန်ကုန် ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် နဲ့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီလီမိတက်တို့ရဲ့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် စာရင်း များကို ပြင်ပစာရင်းစစ်များက စစ်ဆေးတွေ့ရှိထားပြီးတော့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးမရှိသေးပါဘူး ။ စစ်ဆေးအတည်ပြုထားပြီး ဘဏ္ဍာရေးရှင်းတမ်းများနဲ့ သက်ဆိုင်ရာကုမ္ပဏီများမှ တင်ပြတဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်စာရင်းများအရ ရန်ကုန်ဘက်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၄၉ ဒသမ ၃၄၄ သန်း ၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၉၀၂ ဒသမ ၅၂၀ သန်း ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ်၂၉၃၈ ဒသမ ၉၃၉သန်းအရှုံးဖြစ် ပေါ်ခဲ့ပါတယ် ။ ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီလီမိတက် ကတော့ ၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကျပ် ၂၅ ဒသမ ၅၄၁ သန်းအမြတ်ရရှိသော်လည်း ၂၀၁၇ - ၂၁၀၈ ဘဏ္ဍာရေးနှစ်မှာ ၆၀၃ ဒသမ ဝ၇၉ သန်း အရှုံးပေါ်ပေါက်ခဲ့ကြောင်းတွေ့ရှိရပါတယ် " ဟု ဒေါ်ခင်သန်းလှက ရှင်းလင်းပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ငွေကြေးအကျိုးအမြတ် မရရှိသေးကြောင်း ၊ ရန်ကုန်တိုင်းအတွင်းရှိ ဒေသအသီးသီးမှ ခရီးသွားပြည်သူများစိတ်ချမ်းမြေ့စွာ လုံခြုံစွာ ခရီးသွားနိုင်ရေးဝန်ဆောင်မှု ၊ အရည်အသွေးကောင်းများစဉ်ဆက်မပြတ်ပေး နိုင်ရေးအတွက် ယာဉ်များကို ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း ကုမ္ပဏီအသီးသီး၏ ယာဉ်လိုင်းများပိုမို ကောင်းမွန်ရေး ခရီးသွားပြည်သူများအဆင်ပြေရေး လမ်းကြောင်းများတိုးချဲ့ပြေးဆွဲနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ဆုံးရှုံးမှုနည်းပါး နိုင်ရေး ၊ သင့်တင့်သည့် အကျိုးအမြတ်များရရှိရေးများကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း ၎င်းက ရှင်းလင်းပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အဖွဲ့ဝင် ၁၉ ဦးပါဝင်သော ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ် မေလစာရင်းအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရင်းနှီးငွေထည့်ဝင်ထားသည့် အများပိုင်ကုမ္ပဏီနှစ်ခုအပါအဝင် ယာဉ်လိုင်း ၂၅ ခုက မော်တော်ယာဉ် စုစုပေါင်း ၆၂၇၂ စီး ဖြင့်ယာဉ်လိုင်းပေါင်း ၁၁၉ လိုင်းသတ်မှတ်ပြီးနေ့စဉ်ပြေး ဆွဲပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က နေ့စဉ်ပြေးဆွဲ နေသောယာဉ်လိုင်းများမှ မော်တော်ယာဉ်တစ်စီးလျင် တစ်ရက် လေးထောင်ကျပ်၊ အဝေးပြေးယာဉ် လိုင်းများမှ မော်တော်ယာဉ်ထိုင်ခုံနေရာ ၆၀ ရာခိုင်နှုန်းအပေါ် တစ်ရက် ၂ ရာခိုင်နှုန်း ၊ စီးတီးတက္က စီများမှတ်ပုံတင်ရာတွင် တစ်ရက် ကျပ် ၃၀၀၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့သည်။

















