တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်လျက်ရှိသော စူပါတိုင်ဖွန်းမုန်တိုင်း၏အကြွင်းအကျန်များ စက်တင်ဘာလ ၁၈ ရက်၌ မြန်မာနိုင်ငံသို့ဝင်ရောက်လာဖွယ်ရှိပြီး မြန်မာနိုင်ငံမြောက်ပိုင်း ၊ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင်မိုးပိုလာနိုင်ပြီး ကမ်းရိုးတန်းဒေသများ၌လေတိုက်နှုန်းများမြင့်တက်လာနိုင်သဖြင့် သတိပြုရန်လိုအပ်ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင် က၎င်း၏လူမူကွန်ရက်တွင် စက်တင်ဘာ ၁၃ ရက်ည ၁၁နာရီကျော်ခန့်က ပြောဆိုထားသည်။
တိုင်ဖွန်းမုန်တိုင်းသည် အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျှားလာပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ အရှေ့ဖက်ကမ်းခြေကို ဟိုင်နန်ကျွန်း နှင့် ဟောင်ကောင်ကျွန်းတို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ခန့်မှန်းထားကြောင်း ၊ ကမ်းခြေ ကိုဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြင့် အနောက်တောင်ယွန်းယွန်းကို ဆက်လက် ရွေ့လျားလာပြီး တဖြည်းဖြည်းအားလျော့ကျလာကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာပြီးနောက် စက်တင်ဘာ ၁၈ ရက် တွင် မြန်မာနိုင်ငံအတွင်းသို့ အရှေ့လေပွေလှိုင်း အဖြစ် ဝင်ရောက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောဆိုသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၅ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုး / ဇလက ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
















