တောင်ကလေးအကျဉ်းထောင်တွင် အကျဉ်းသား ၄၁ ဦး ထောင်ဖောက်ကာ အမှိုက်ကားဖြင့် ထွက်ပြေး

တောင်ကလေးအကျဉ်းထောင်တွင် အကျဉ်းသား ၄၁ ဦး ထောင်ဖောက်ကာ အမှိုက်ကားဖြင့် ထွက်ပြေး

ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေးအကျဉ်းထောင်တွင် အကျဉ်းသား ၄၁ ဦးထောင်ဖောက်ကာ အမှိုက်ကားဖြင့် ထွက်ပြေးခဲ့မှု ယနေ့ (စက်တင်ဘာ ၁၆ ရက်နေ့)တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ကရင်ပြည်နယ် တောင်ကလေးအကျဉ်းထောင်တွင် အကျဉ်းသား ၄၁ ဦးထောင်ဖောက်ထွက်ပြေးသွားခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်တောင်ကလေး (ဘားအံအကျဉ်းထောင်)တွင် အကျဉ်းသား ဦးကျော် (စိစစ်ဆဲ)ပါ ၄၁ ဦး(စိစစ်ဆဲ)က ထောင်ဖောက်ထွက်ပြေးခဲ့ပြီး ထောင်တွင်းသို့ အမှိုက်သိမ်းရန်လာသည့် အမှိုက်ကားကို အသုံးပြုကာ အကျဉ်းထောင် ဂိတ်တံခါးကို တိုက်၍ ဖြိုချမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများ၏ ကနဦး သတင်းများအရ သိရသည်။ 
" ထောင်အချုပ်သားတွေ ဖောက်ပြေးတာ လူမှုကွန်ရက်မှာ တွေ့လိုက်တယ်။ နေပြည်တော်ရောက်နေတော့ အဲဒီက တိုင်းရင်းသားရေးရာဝန်ကြီးကို ဆက်သွယ်ကြည့်ပါ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင် ကပြောသည်။ 
ထိုသို့အမှိုက်ကားဖြင့် မောင်းနှင်ဖြိုချ ထွက်ပြေးသွားခဲ့ခြင်းကြောင့် အကျဉ်းထောင်ဂိတ်တာဝန်ကျ ဝန်ထမ်းများနှင့် အမှိုက်သိမ်းယာဉ်မောင်းတို့တွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘားအံဆေးရုံသို့တင်ပို့ကုသထားရ ကြောင်း သိရသည်။ 
" ထောင်ထဲ အမှိုက်သိမ်းလာတဲ့ ယာဉ်အမှတ် 7N-9847 ကင်တာအပြာရောင် ယာဉ်နဲ့ ထောင် ဂိတ်တံခါးကို တိုက်ပြီး အကျဉ်းသားတွေထွက်ပြေးသွားတယ်။ ထောင်ဝန်ထမ်းတွေလည်း ထိခိုက်ဒဏ်ရာရထားတယ်။ ထွက်ပြေးတဲ့ စာရင်းတော့ အတိအကျ မသိရသေးတော့ ပြောလို့မရသေးဘူး။ လက်ရှိ နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ ထွက်ပြေးတိမ်းရှောင်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိဖို့အတွက် ဆောင် ရွက်နေပါတယ်" ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါအမှိုက်ကားနှင့်အကျဉ်းသားသုံးဦးကို ပြန်လည်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး