မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန်ရပ်ကွက် တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများ ဖြင့်သေဆုံးခဲ့မှု ယနေ့ (စက်တင်ဘာ ၁၆ )ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်တောင်လုံးပြန်ရပ်ကွက် အထက်ပုဇွန်တောင်လမ်းနှင့် ရေကျော်မီးပွိုင့် လမ်းထောင့် အေးတံတားအနီးဖွင့်လှစ်ထားသည့် ရွိုင်ရယ်တည်းခိုခန်းတွင် လူတစ်ဦး ဓား ဒဏ်ရာဖြင့်သေဆုံးကြောင်သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နံနက် ၈ နာရီ ၁၅မိနစ် အချိန်ခန့်တွင် အဆိုပါတည်းခိုခန်းသို့ အင်္ကျီအနီကွက်လက်ရှည်ဝတ်ဆင်ကာ ကျစ်ဆံမြီး ဘေးနှစ်ဖက်ချထားသည့် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် နံနက် ၉ နာရီ ၄၂ မိနစ် အချိန်တွင် တည်းခိုခန်းမှ အမျိုးသမီး တစ်ဦးတည်းပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ သေဆုံးသူတွင် ခန္ဒာကိုယ်ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့်သေဆုံး နေသည်ကို ကနဦးတွေ့ရှိခဲ့သည်။ 
'' သေတဲ့သူနာမည်နဲ့ နေရပ်လိပ်စာကိုတော့ စုံစမ်းနေတုန်းပါပဲ။ တရားခံကတော့ ဖမ်းဆီးဖို့ အတွက် စုံစမ်းနေပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 
အဆိုပါအမှုနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ)၄၉၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။