ဆင်စခန်းဟောင်းအနီးနေထိုင်သူ ၂ ဦးထံမှ သေနတ်နှစ်လက်ဖမ်းမိ

ဆင်စခန်းဟောင်းအနီးနေထိုင်သူ ၂ ဦးထံမှ သေနတ်နှစ်လက်ဖမ်းမိ

လယ်ဝေးမြို့နယ်ရှိ ဆင်စခန်းဟောင်းအနီးနေထိုင်သူ ၂ ဦးထံမှ သေနတ်နှစ်လက်ကို သက်ဆိုင်ရာက စက်တင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် လယ်ဝေးမြို့နယ် ပိတောက်ငုတ် တဲစု(ဆင်စခန်းဟောင်း)အနီးနေ ငမိုး(ခ) ဇော်မိုး(၃၄)နှစ်၏ နေအိမ်တဲတွင်လက်နက်သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့သည်။ နေအိမ်အရှေ့ နတ်စင်ဘေးမှ တူမီးသေနတ် ၁ လက်၊ ခဲသီး ၃၇ လုံး၊ ယမ်း ၁ ဗူးတို့အား ဖမ်းဆီးရမိခဲ့သည်။ စစ်မေးချက်အရ ၎င်း၏အစ်ကိုဖြစ်သူ ကိုဇော်(၃၇)နှစ်ကို ပိတောက်ငုတ်တဲစု၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်ရှိ ပျဉ်းချောင်းလမ်းဘေး၌ ဖိလစ်ပိုင်နိုင်ငံထုတ် ပွိုင့် ၂၂ သေနတ်(စနိုက်ပါ တပ်ဆင်လျက်) ၁ လက်၊ ၎င်းကျည် ၁၅ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
၄င်းတို့နှစ်ဦးကို စစ်ဆေးချက်များအရ လွန်ခဲ့သော ရက် ၂၀ ခန့်က တောပစ်လာရောက်သူ တောင်ငူမြို့နယ် လိပ်သိုမြို့နေ ဦးတက်ကလိ(စိစစ်ဆဲ)က အပ်နှံထားသော သေနတ် ၂ လက်ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ သစ်ပုတ်ပင်နယ်မြေရဲစခန်းက (ပ)၄၂/၁၈ ၊(ပ)၄၃/၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိသည်။