အာရှယူ-၁၆အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၁၆အမျိုးသမီးအသင်းသည် စက်တင်ဘာ ၁ရရက် နံနက် ငါးနာရီ ၁၅မိနစ်တွင် ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာယူ-၁၆အမျိုးသမီးလက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းကတာဝန်ယူလျက်ရှိပြီး ကစားသမား၂ဝဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာရှယူ-၁၆အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(င)၌ ဖိလစ်ပိုင်၊မလေးရှား၊ နီပေါအသင်းတို့နှင့်အတူကျရောက်ခဲ့၍ ပထမအဆင့်အား ဖြတ်ကျော်နိုင်ရန် အခွင့်အလမ်းကောင်းနေသည်။
မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၉ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် မလေးရှားအသင်းနှင့်လည်းကောင်း၊ စက်တင်ဘာ ၂၁ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၁၅မိနစ်တွင် နီပေါအသင်းနှင့်လည်းကောင်း၊ စက်တင်ဘာ ၂၃ရက် မြန်မာစံတော်ချိန် မွန်းလွဲ၁၂နာရီ ၁၅မိနစ်တွင် ဖိလစ်ပိုင်အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် မြန်မာယူ-၁၆အမျိုးသမီးအသင်းသည် ပြည်တွင်း၌ ခြေစမ်းပွဲများကစားခဲ့ပြီး စင်ကာပူ ယူ၁၆အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲ ၂ပွဲယှဉ်ပြိုင်ခဲ့ရာ နှစ်ပွဲစလုံး အနိုင်ရရှိခဲ့သည်။ထို့နောက် မြန်မာယူ-၁၉အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲတစ်ပွဲကစားခဲ့ပြီး ငါးဂိုး သုံးဂိုဖြင့် ရှုံးနိမ့်ခဲ့သည်။















