တောင်ကလေးအကျဉ်းထောင်ဖောက် အကျဉ်းသား ၁၁ ဦးခန့် ဖမ်းဆီးရမိခဲ့ပြီးပြည်နယ်ချင်းထိစပ် လျက်ရှိသည့် မြို့များသို့ပိတ်ဆို့ရှာဖွေလျက်ရှိ

တောင်ကလေးအကျဉ်းထောင်ဖောက် အကျဉ်းသား ၁၁ ဦးခန့် ဖမ်းဆီးရမိခဲ့ပြီးပြည်နယ်ချင်းထိစပ် လျက်ရှိသည့် မြို့များသို့ပိတ်ဆို့ရှာဖွေလျက်ရှိ

စက်တင်ဘာ ၁၆ ရက်(ယနေ့)က ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်မှ ထောင်ဖောက်လွတ်မြောက်သွားသူ အကျဉ်းသား ၄၀ ကျော်အနက် အကျဉ်းသား ၁၁ ဦးကို နယ်မြေခံပူးပေါင်းအဖွဲ့ဝင်များက ယနေ့ညနေပိုင်းအထိ ဖမ်းဆီး ရမိခဲ့ပြီးကရင်ပြည်နယ်အပါဝင်နယ်မြေခြင်းထိစပ်လျက်ရှိသည့် မွန်ပြည်နယ်တို့တွင်လည်းပိတ်ဆို့ရှာ ဖွေမှု များပြုလုပ်လျက်ရှိကြောင်း နယ်မြေသတင်းများအရသိရသည်။

“ ထောင်ဖောက်ပြေးတဲ့သူတွေကို တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့၊တပ်ရင်းနဲ့နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်တွေကပါ တောနင်းရှာဖွေနေတယ်။ပြည်နယ်ချင်းဆက်စပ်လျက်ရှိတဲ့ မွန်ပြည်နယ်ကိုလည်း ပူးပေါင်းဖမ်းဆီးဖို့အတွက် ပိတ်ဆို့ရှာဖွေနေပါတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း ၉ နာရီ အချိန်ခန့်တွင် ဘားအံမြို့တောင်ကလေးအကျဉ်းထောင်အတွင်းရှိ အကျဉ်း သား ၄၀ ကျော်ခန့်ကထောင်အတွင်းအသုံးပြုသည့် အမှိုက်သယ်ယာဉ်ကို အသုံးပြု၍ လုံခြုံ ရေး တံခါး ၄ ထပ်ကို ဝင်တိုက်ကာ အကျဉ်းထောင်ဧရိယာအတွင်းမှထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သိရသည်။၄င်းတို့ဖောက်ထွင်းလုယူမောင်းနှင်သွားခဲ့သည့် နစ်ဆန်းကင်တာယာဉ်မှာကျုံပဂိုးရွာအနီး ရွှံ့နွံအတွင်း ဘီးနစ်မြုပ်ခဲ့ရာက အကျဉ်းသား ၂၀ ဦးခန့်ယာဉ်ပေါ်မှဆင်းကာ ဘားအံမြို့အနီးတစ်ဝိုက်သို့ ထွက်ပြေးခဲ့ပြီး ကျန်၂၀ ဦးခန့်မှာကျုံပဂိုးတောအတွင်းဝင်ပြေးသွားခဲ့ ကြောင်း ကွင်းဆက်မပျက်သတင်းရယူတင်ဆက် နေသည့် ဒေသခံသတင်းထောက်များထံမှသိရသည်။

ယနေ့ညနေပိုင်းအထိအတည်မပြုနိုင်သည့် သတင်းများအရကနဦးဖြစ်ပွားချိန်တွင်တိမ်းရှောင် ထောင် လွတ်မြောက်သွားသူ ၄၆ ဦးခန့်ရှိကြောင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း ၄၁ ဦးခန့်သာရှိ ကြောင်းဘားအံပြည်နယ်ရဲတပ်ဖွဲ့မှူးအောင်မြတ်မိုး ကအတည်ပြုခဲ့သည်။

ထောင်ဖောက်မှုဖြစ်စဉ်ဖြစ်ပွားကြောင်းသတင်းရရှိပြီးနောက် တပ်မ  ၂၂တပ်မမှူးဦးဆောင်သည့် တပ်မတော်သားများ၊ နယ်လုံဝန်ကြီး၊ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဘားအံတပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များဖြင့်အကျဉ်းထောင်ကို နာရီပိုင်းအတွင်းလုံခြုံရေးရယူခဲ့ပြီး အဖွဲ့ငယ်များဖွဲ့ကာနယ်မြေဖြန့်ကျက်လျက် စုံစမ်းရှာဖွေမှုများကိုစတင်ခဲ့သည်။

 အခင်းဖြစ်ပွားချိန်တွင် အကျဥး်ထောင်ဦးစီးအဖွဲ့ ထောင်ဝင်ပေါက်အနီးထောင်ဖောက်ပြေးသူ စောညို(ခ)သိန်းညိုကိုလည်းကောင်း၊ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့ဝင်များကအခင်းဖြစ်ပွား ပြီး တောနင်းရှာဖွေစဉ် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မှ ညနေ ၆နာရီ ၂၀ အချိန်ခန့်အထိ မိဇံ(ဇရပ်)မှ ဝတုတ်(ခ)စည်သူကျော်၊ စောကျော်မိ၊ရဲနောင်ဖြိုး(ခ)သဲမောင်၊ ၊ မဲဘောင်စျေးအနီးမှ စောထူး(ခ) ဗီလားကိုလည်းကောင်း၊ နောင်ပလှိုင်ရွာမှ ထွန်းထွန်းသန်း(ခ)ကိုနေ၊ ဝဏ(ခ)ဖြိုးတေဇနှင့် ပြည့်ဟိန်း ကိုလည်းကောင်း၊ ကော့လှိုက် ရွာမှဝင်းအောင်(ခ)မိုးဒီကိုလည်းကောင်း၊ တဝန်ဖန်ရ ရွာလယ်ကွင်းမှအောင်ဝင်းနှင့်ထွန်းထွန်းဦးကိုလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

''  သက်ဆိုင်ရာက အကျဉ်းသားတွေထွက်ပြေးလွတ်မြောက်သွား တာနဲ့ ပတ်သက်ပြီးရွာသူရွာသား တွေသတိနဲ့နေထိုင်ဖို့ကို သက်ဆိုင်ရာကအသံချက်စက်တွေအသုံးပြုပြီး အသိပေးတာတွေလုပ်ထား တယ် "နန်းထိုက်စံရွာနေထိုင်သူ ဒေါ်ကြည်လှရီ ပြောသည်။

အကျဉ်းသား ၄၁ ဦးထောင်ဖောက်ထွက်ပြေးစဉ်  အကျဉ်းထောင်ဝန်ထမ်းတစ်ဦးနှင့်အမှိုက်သယ် ယာဉ် မောင်းတစ်ဦးတို့ ဦးခေါင်းတွင်ဒဏ်ရာရရှိကာဘားအံဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရပြီး အကျဉ်း ထောင်အဝင်သံပန်းတံခါးတစ်ဖက်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦး ကပြောသည်။

အကျဉ်းထောင်ဖောက်အကျဉ်းသားများအမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက်ကရင်ပြည်နယ်နှင့်ဆက်စပ်လျက်ရှိသည့် မွန်ပြည်နယ်ရှိတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များကိုလည်း ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ရန်သက်ဆိုင်ရာမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်မိမိတို့ပတ်ဝန်းကျင်တွင် ထူးခြားမှုတစ်စုံတစ်ရာဖြစ်ပွားတွေ့ရှိခဲ့ပါကကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၀၅၈၂၁၀၁၉၊၀၅၈၂၁၀၃၀၊၀၅၈၂၃၄၀၀ သို့အမြန်ဆုံးဆက်သွယ် အကြောင်းကြားရန် သက်ဆိုင်ရာက အသိပေးထားသည်။