ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးပထမအကျော့ စက်တင်ဘာ ၁၈ရက် စတင်ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးပထမအကျော့ စက်တင်ဘာ ၁၈ရက် စတင်ကျင်းပမည်

၂၀၁၈ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို စက်တင်ဘာ ၁၈ရက်နှင့် ၁၉ရက်တို့တွင် စတင်ယှဉ်ပြိုင်တော့မည်ဖြစ်ရာ ရန်ကုန်ယူနိုက်တက်နှင့် မကွေး၊ ဟံသာဝတီယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ ထိပ်တိုက်ဆုံတွေ့လျက်ရှိနေသည်။

လက်ခံကစား

ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ်ကွင်း၊အဝေးကွင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၈ရက် ညနေ ၃နာရီခွဲတွင် YUSCမြက်ခင်းတုကွင်း၌ ရန်ကုန်ယူနိုက်တက်က မကွေးအသင်းကို လက်ခံကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၉ရက် ညနေ ၃နာရီခွဲတွင် ပဲခူးကွင်း၌ ဟံသာဝတီယူနိုက်တက်က ရှမ်းယူနိုက်တက်အသင်းကို လက်ခံကစားမည်ဖြစ်သည်။

ကစားခွင့်ရ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို စက်တင်ဘာ ၂၆ရက်နှင့် ၂၇ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ၂၆ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်၊ စက်တင်ဘာ ၂၇ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးနှင့် ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ပြီးခဲ့သည့်ရာသီက ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သောကြောင့် ယခုနှစ်ပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်မှ ကစားခွင့်ရရှိခဲ့သည်။

ရယူထားနိုင်ခဲ့

ကွာတားဖိုင်နယ်တွင် ရှမ်းအသင်းက ရခိုင်ယူနိုက်တက်ကို သုံးဂိုး ဂိုးမရှိ၊ ရန်ကုန်ယူနိုက်တက်က ဂျီအက်ဖ်အေအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းမှာ ကွာတာဖိုင်နယ်တွင် စစ်ကိုင်းယူနိုက်တက်ကို နှစ်ဂိုး တစ်ဂိုး၊ မကွေးအသင်းမှာ ဧရာဝတီယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာကြသည့် အသင်းလေးသင်းစလုံးသည် ရှုံးထွက်ဒိုင်းချန်ပီယံဆုကို တစ်ကြိမ်စီရယူထားနိုင်ခဲ့သည့် အသင်းများဖြစ်ကြသည်။
 



ဖတ်ရှုမှုအများဆုံး