ပုဂ္ဂလိကကျောင်းသားများသမဂ္ဂက ကြီးမှူးကျင်းပသည့် Private Union League 2018 ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ရက် နံနက် ၁၀နာရီက ရန်ကုန်ယူနိုက်တက်မြက်ခင်းတုကွင်း(YUSC)၌ ကျင်းပခဲ့သည်။
ဝင်ရောက်ယှဉ်ပြိုင်
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံဌာနဒါရိ်ုက်တာဦးသန်းဝင်း၊ ပုဂ္ဂလိကကျောင်း အသီးသီးမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ပုဂ္ဂလိကကျောင်းများဖြစ်သည့် Chindwin College၊ California Unitec ၊ GUSTO College၊ Info Myanmar College၊ Myanmar Nobel College၊ STI Myanmar University ၊ Strategy First ၊ Victoria University ၊ Youth International College စသည့်ကျောင်း ၉ကျောင်းမှ ကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ကျင်းပမည်
ပြိုင်ပွဲကို စင်တင်ဘာ ၁၇ရက်မှ အောက်တိုဘာ ၅ရက်အထိ ကျင်းပမည်ဖြစ်ပြီး ငါးသင်းပါတစ်အုပ်စုနှင့် လေးသင်းပါတစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲ၏ အုပ်စု(က)တွင် ၊ Youth International College ၊ STI Myanmar University ၊ Victoria University ၊ California Unitec ၊ Chindwin College တို့ ပါဝင်မည်ဖြစ်ပြီး အုပ်စု(ခ)တွင် GUSTO College၊ Strategy First ၊ Info Myanmar College၊ Myanmar Nobel College တို့ပါဝင်ကြမည်ဖြစ်သည်။
ထုတ်ပြန်နိုင်ခြင်းမရှိသေး
အုပ်စုပွဲစဉ်များပြီးဆုံးပါက ဆီမီးဖိုင်နယ်ပွဲစဉ်ကို အောက်တိုဘာ၃ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၅ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဆုကြေးများကိုမှု လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ပုဂ္ဂလိက တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးမင်းထက်က ဆိုခဲ့သည်။ ပြိုင်ပွဲအတွက် ကွင်းအသုံးပြုခွင့်ကို ရန်ကုန်ယူနိုက်တက်အသင်းက စပွန်ဆာပေးခဲ့ကြောင်း သိရသည်။
ရည်ရွယ်ချက်
Private Union League 2018 ပြိုင်ပွဲကို ၂၀၁၆ခုနှစ်ကစတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်မြောက်ရှိပြီဖြစ်သည်။ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကကျောင်းများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်အတွက် ဖြစ်ကြောင်း သိရသည်။















