ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်ဆက်စပ်နေသည့် အလယ်ပိုင်းရေပြင်ပေါ်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေ၍ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် (၄၈)နာရီအတွင်းမုန်တိုင်းဖြစ်ဖို့အလားအလာများ ရှိနေကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာ ထွန်းလွင်က ၎င်း၏လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့်ပြောဆိုထားသည်။
" အနောက်တောင်မုတ်သုံလေဆုတ်ခွာနေတဲ့ကာလမို့ မုတ်သုံလေဦးဟာလည်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းကိုရောက်ရှိနေတဲ့ကာလဖြစ်လို့ မုတ်သုံလေဦးထဲမှာ မုန်တိုင်းတစ်လုံးဖြစ်လာဖို့ အလားအလာများရှိနေပြီလို့ သုံးသပ်ရရှိပါတယ်" ဟု ၎င်းကပြောဆို ထားသည်။
စက်တင်ဘာ ၁၈ ရက်၌ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ အနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ တစ်ခါတစ်ရံ မိုး သက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
















