စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးအကျဉ်းထောင်ဖောက်ထွက်ပြေးမှုတွင် အဓိက ဦးဆောင် သူအပါဝင် ၂ ဦး ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၇ ရက် ညနေပိုင်းအထိ ထွက်ပြေးတိမ်းရှောင်သူ ၁၈ ဦးကို ဖမ်းဆီးရမိထား ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ထောင်ဖောက်ထွက်ပြေးသွားသူများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးနှင့်အဖွဲ့က နယ်မြေခံတပ်မ ၂၂ တပ်မမှူးနှင့်ပူးပေါင်းကာ ထွက်ပြေးတိမ်းရှောင် သူများကို အခင်းဖြစ်ပွားပြီး နာရီပိုင်းတွင်းလိုက်လံဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခဲ့ရာ အခင်းဖြစ်နေ့ ည ၉ နာရီ အချိန်ခန့်အထိ သေနတ်ဒဏ်ရာဖြင့် သေဆုံး သူ ၂ ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။
" ကျော်မိန်လ နဲ့ ကံမြင့်(ခ) ဇော်ကြီး ကို နောက်ကနေ သေနတ်နဲ့ပစ် ခတ် ဖမ်းဆီးခဲ့ တယ်။ သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်မှ ဆုံးတယ်။ အလောင်းကိုတော့ ဘားအံဆေးရုံကြီးက ရင်ခွဲ ရုံမှာပို့ထားတယ်။ ဒီကနေ့ ညနေ ၄ နာရီလောက်အထိ စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးပြီးပြီ"ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားခဲ့ပြီးနောက် ညပိုင်းတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထွက်ပြေးတိမ်းရှောင် သွားသူ ၃၉ ဦး၏ အကျဉ်းသားမှတ်တမ်းများနှင့် ထောင်အချုပ်ကျခံနေသူ ၂ ဦး၏ အချက်အလက် များကို ထုတ်ပြန်ခဲ့ကာ ပြည်သူများက ဝိုင်းဝန်းကူညီဖမ်းဆီးပေးရန် နှိုးဆော်ထားသည်။
ထုတ်ပြန်ချက်များပါအချက်အလက်များအရ ထောင်ဖောက်ထွက်ပြေးမှုကျူးလွန်ခဲ့သူ ၄၂ ဦးအနက် ၃၉ ဦးမှာ မူးယစ်ဆေးဝါးဥပဒေပုဒ်မများအရ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း ဒဏ်ကျခံနေ ရသူများဖြစ်ပြီး ထောင်အချုပ်ကျခံနေရသူ ၂ ဦးမှာလည်း မူးယစ်ဆေးဝါးအမှုဖြင့်ဘားအံမြို့နယ်တရား ရုံးတွင် အမှုရင်ဆိုင်နေရသူများဖြစ်သည်။
အခင်းဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့တောင် ကလေး အကျဉ်း ထောင်မှ အကျဉ်းသား မူးယစ်ဆေးဝါးမှုပုဒ်များဖြင့် တစ်သက်တစ်ကျွန်းကျခံနေရသူ ကျော်မိန်လ (ခ)အရှောင် (ခ)ကျော် ဖကုလား(ခ)မိန်လ ဦးဆောင်ကာ အကျဉ်းသား ၄၁ ဦးတို့မှ အကျဉ်း ထောင် အတွင်း အသုံးပြုသည့် အမှိုက်သယ်ယာဉ်ကိုအသုံးပြုကာ ထောင်ဝန်းအတွင်းကာရံထားသည့် တံခါး ၄ဆင့်ကို တိုက်ဖျက်မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့၊တပ်ရင်းနဲ့နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်တွေကပါ တောနင်း ရှာဖွေခဲ့ပြီး အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်အထိ ထွက်ပြေးတိမ်းရှောင်သူ အကျဉ်းသား ၁၁ ဦးကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ပြီး ည ၈ နာရီ အချိန်ခန့်တွင် ထောင်ဖောက် ဦးဆောင် ထွက်ပြေးသူ ကျော်မိန်လ(ခ)အရှောင် (ခ)ကျော် ဖကုလား(ခ)မိန်လ နှင့် အချုပ်သား ကံမြင့် (ခ) ဇော်ကြီး၊ (၂၅) နှစ်တို့ ၂ ဦးကို လှိုင်းဘွဲမြို့ နယ်၊ ထီလုံကျေးရွာ၊ ရေဘုတ်ဆည်အနီးတွင် သေနတ် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၄င်းတို့နှင့်အတူ ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး၊ (၂၆)နှစ် တို့ကို ဖမ်းဆီးရမိခဲ့သည်။
ထွက်ပြေးလွတ်မြောက်မှုမှ ကျန်ရှိသူ များကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေပြီး ထိစပ်နယ် မြေများနှင့်ပြည်နယ်ရဲတပ်ဖွဲ့များမှလည်း ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအင်အားပိုမိုဆောင်ရွက်နေ ကြောင်း လွတ်မြောက်နေဆဲ အကျဉ်းသား ၂၅ဦးအား ပြန်လည်ဖမ်းဆီးရမိရေး ပြည်သူလူထုအနေဖြင့် မိမိတို့အနီးအနားရှိ မသင်္ကာ ဖွယ်ရာလူစိမ်းများ တွေ့ရှိပါက058 21019, 058 21030, 058 23400 ဖုန်းနံပါတ်များအား အမြန်ဆုံးဆက်သွယ်ပေးပါရန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ အသိပေးထားသည်။

















