ဘိုကလေးမြို့မရဲစခန်းအချုပ်ဖောက်ပြေးသူ ၃ ဦးအနက် ၂ဦးဖမ်းမိ

ဘိုကလေးမြို့မရဲစခန်းအချုပ်ဖောက်ပြေးသူ ၃ ဦးအနက် ၂ဦးဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မရဲစခန်းတွင် အချုပ်တရားခံ ၃ ဦးအချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ဘိုကလေးမြို့မရဲစခန်းမှ သိရသည်။ 

စက်တင်ဘာ ၁၈ ရက် နံနက် ၄ နာရီ အချိန်က အချုပ်ခန်းဖောက်ပြေးသူများထဲတွင် ဘိုကလေးမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်း အချုပ်ကျနေသည့်  အသက် ၁၉ နှစ်အရွယ်နှင့် ၃၅ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ပါဝင်ကြောင်း ကနဦးသတင်းများအရ သိရသည်။ 
"မနက် ၃ နာရီလောက်က အချုပ်ခန်းသံတိုင်ကို သံဖြတ်လွှနဲ့တိုက်ဖြတ်ပြီး ထွက်ပြေးခဲ့တာပါ။ အခု ၂ ယောက်ကို ပြန်ပြီးဖမ်းဆီးပြီးပါပြီ" ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 
အဆိုပါ ၃ ဦးမှာ ခိုးမှုဖြင့်ဖမ်းဆီးထားသူ အာကာ၊ အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားသူ လှနိုင်ဦးနှင့် ခိုးမှုနာကျင် စေမှုတို့ဖြင့် ဖမ်းဆီးထားသူ နန္ဒ အောင်တို့ဖြစ်ပြီး အာကာနှင့် နန္ဒ အောင်တို့ ၂ ဦးကို မအူပင်မြို့နယ် ရေလဲ ကလေးကျေးရွာ မီးသတ်စခန်းအနီး တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ 
လွတ်မြောက်နေသူ လှနိုင်ဦးကို အချိန်မီဖမ်းဆီးရမိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်ရဲတပ်ဖွဲ့ စခန်းများ၊ တိုးဂိတ်များနှင့် လုံခြုံရေးစစ်ဆေး ရေးအဖွဲ့ဝင်ထံသို့ ဓာတ်ပုံမှတ်တမ်းများ ဖြန့်ဝေထားကြောင်း ဒေသခံများထံမှ သိရသည်။