ဟိုတယ်ဝန်ထမ်းက နိုင်ငံခြားသားထံမှ ငွေများခိုးယူမှု နေပြည်တော်ဟိုတယ်ဇုန်တွင် ဖြစ်ပွား

ဟိုတယ်ဝန်ထမ်းက နိုင်ငံခြားသားထံမှ ငွေများခိုးယူမှု နေပြည်တော်ဟိုတယ်ဇုန်တွင် ဖြစ်ပွား

နေပြည်တော်ဟိုတယ်ဇုန်ရှိ NVN ဟိုတယ်တွင် လာရောက်တည်းခိုနေထိုင်သူ အိန္ဒိယနိုင်ငံသား၏အခန်းအတွင်းမှ နိုင်ငံခြားငွေနှင့်ကျပ်ငွေများခိုးယူခဲ့သည့် ဟိုတယ်ဝန်ထမ်း အမျိုးသမီးနှင့် ၄င်း၏ခင်ပွန်းတို့ကို ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် နေပြည်တော် NVN ဟိုတယ်အခန်း အမှတ် (၂၀၇ )နှင့်(၁၁၃)တို့တွင် တည်းခိုနေထိုင်သော ဦးမြင့်ဆွေနှင့် အိန္ဒိယနိုင်ငံသား MUKHERJEE MRINAL တို့၏ အခန်းများအတွင်းမှ ငွေများပျောက်ဆုံးကြောင်း ဧည့်ကြိုဌာနမှ တာဝန်ကျဝန်ထမ်းမှသတင်းပေးပို့သဖြင့် ဝန်ထမ်းရေးရာဌာနမန်နေဂျာဦးအာကာစိုးက သွားရောက်မေးမြန်းခဲ့သည်။ 
ဧည့်သည်၏အခန်းအတွင်းမှ ဒေါ်လာ(၂၀ဝ)၊ထိုင်းဘတ်(၂၀ဝ၀)၊မြန်မာငွေ (၃၉၀ဝ၀ဝ)ကျပ်တို့ ပျောက်ဆုံးနေသည်ကို သိရပြီး ဟိုတယ်CCTV မှတ်တမ်းများနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဧည်သည်အခန်းအတွင်းသို့ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း မသန်းသန်းညိုတစ်ဦးတည်းသာ သစ်သီးစုံပွဲပို့ရန် ဝင်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ မသန်းသန်းညိုကို မေးမြန်းရာ အဆိုပါအခန်းများအတွင်းမှ ငွေများကို ခိုးယူခဲ့ကြောင်း ၄င်းငွေများအား ခင်ပွန်းဖြစ်သူ သိန်းထိုက်မင်းအားပေးထားကြောင်းပေါ်ပေါက်သဖြင့် မသန်းသန်းညိုနှင့်၄င်း၏ ခင်ပွန်းဖြစ်သူ သိန်းထိုက်မင်း တို့ကိုအရေးယူပေးရန်တရားလိုပြုလုပ်တိုင်ကြားခဲ့သည်။ 
မသန်းသန်းညို နှင့် သိန်းထိုက်မင်းတို့သည် ခိုးယူခဲ့သည့် ငွေများအနက် အချို့ကို ဟိုက်ပါမားကတ်ရှိ ဘဏ်ငွေလဲ ကောင်တာတွင် ငွေလဲခဲ့ရာ ကျပ် ၃၈၀ဝ၀ဝရရှိခဲ့ကြောင်း ၄င်းငွေများထဲမှ ကျပ် ၁၇၀ဝ၀ဝ ဖိုး အဝတ်အစားနှင့် ရွှေထည်ပစ္စည်းတချို့ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ဧည့်ဂေဟာ နယ်မြေရဲစခန်းက(ပ)၆၃/၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူထားသည်။