လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အစိုးရဆန့်ကျင်သည့်စာသားများ ရေးသားခဲ့သည့် ငါးမင်းဆွေ(ခ) ဆားမင်းဆွေကို ယနေ့ စက်တင်ဘာ ၁၈ ရက်တွင် ထောင်ဒဏ်(၇)နှင့်ငွေဒဏ်ကျခံစေရန် အနောက်ပိုင်းခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
ငါးမင်းဆွေ အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံရေးနှင့် အစိုးရဆန့်ကျင်ခဲ့သည့် သတင်းများ၊ ပို့စ်များတင်ခဲ့ခြင်းကြောင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အကောင့်ဖျက်သိမ်းခံခဲ့ရသည်။ထို့နောက် ဆားမင်းဆွေ အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာတစ်ခုပြန်လည်ဖွင့်လှစ်ကာ ယခင်ကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်းကြောင့် သက်ဆိုင်ရာက ဦးမင်းဆွေ(ခ)ငါးမင်းဆွေ(ခ)ဆားမင်းဆွေကို ယခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် နေအိမ်၌ ပုဒ်မ ၁၂၄(က)အရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၄င်းကို ဖမ်းဆီးခဲ့ပြီးနောက် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ဦးမင်းဆွေ(ခ) ငါးမင်းဆွေ (ခ)ဆားမင်းဆွေက ရှေ့နေငှားရမ်းခြင်း မရှိဘဲ ၄င်းကိုယ်တိုင် ရင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုံးချိန်း ၁၁ ချိန်းတွင် တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့ပြီးနောက် ယနေ့ ရုံးချိန်းတွင် အကြည်ညိုပျက်အောင်ပြုမှု ပုဒ်မဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) အရ ထောင်ဒဏ်၇နှစ်နှင့်ငွေဒဏ်ကျပ်တစ်သိန်းကျခံစေရန် တရားရုံးကအမိန့်ချမှတ်ခဲ့ရာ ဦးမင်းဆွေ(ခ)ငါးမင်းဆွေ(ခ)ဆားမင်းဆွေက ငွေဒဏ်ကျပ်(၁) သိန်းကို ချက်ချင်းပေးဆောင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၇ နှစ်သာကျခံရတော့မည်ဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က)တွင် မည်သူမဆို၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်းပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော် ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ်၂၀ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဟုဖော်ပြထားသည်။

















