ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းများဖောက်လုပ်ရာ၌ အသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေးများပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က စက်တင်ဘာ ၁၈ ရက်၌ ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြေသားလမ်းများ ဖောက်လုပ်ရာတွင် သက်ဆိုင်ရာဒေသရှိ လယ်ယာမြေများအတွက် မြေယာလျော်ကြေးများထည့်သွင်းတွက်ချက်ပေးရန်အစီအစဉ်ရှိ / မရှိသိရှိလိုကြောင်း စက်တင်ဘာ ၁၈ ရက်၌ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ခရမ်းမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၏ မေးမြန်းမှုကို ဝန်ကြီးက အထက်ပါအတိုင်းပြန်လည်ဖြေဆိုခဲ့သည်။
" ကျွန်မတို့ ကျေးလက်လမ်းများဖောက်လုပ်ရာမှာ လယ်ယာမြေတွေကို ဖြတ်သန်းဖောက်လုပ်ရတဲ့အတွက် မြေအတွက် စုပေါင်းပြီးတော့ ရွာတွေကနေပြီး လျော်ကြေးပေးနေရတာ ရွာတွေမှာ ဝန်ထုတ်ဝန်ပိုးဖြစ်နေတာပါ ။ ကျွန်မတို့အနေနဲ့ အထူးသဖြင့်တော့ ကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့ ဆောင်ရွက်ပေးရာမှာ မြို့နေလူတန်းစားတွေ ခက်ခဲပင်ပန်းတဲ့ ကျေးလက်တွေမှာ မီးရရှိရေးပဲဖြစ်ဖြစ် လမ်းရရှိရေးပဲဖြစ်ဖြစ် သူတို့မှာ ဒီအတွက် ဝိုင်းပြီးတော့ ကျခံဆောင်ရွက်ပေးနေရတာဟာ ကျွန်မတို့ အနေနဲ့ ဒီကိစ္စကို မဖြစ်စေချင်တဲ့အတွက် နောက်ပိုင်းမှာ ကျွန်မတို့လမ်းကိစ္စပဲဖြစ်ဖြစ် မီးကိစ္စပဲဖြစ်ဖြစ် လမ်းကိစ္စမှာ လမ်းဦးစီးလမ်းပဲဖြစ်ဖြစ် ကျေးလက်ဦးစီးလမ်းပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ ဒီလမ်းတွေကို ရာထားပြီဆိုကတည်းက ဖြတ်သန်းသွားရမည့်တစ်လျှောက် မြေယာတွေနဲ့ပတ်သက်ပြီးတော့ လျော်ကြေးပေးရမယ့်ကိစ္စတွေ၊ ဥပမာအားဖြင့် လျော်ကြေးပေးတာမဟုတ်ဘဲနဲ့ ဝယ်သင့်ရင် ဝယ်ရမယ့်ကိစ္စမျိုးတွေကိ်ု သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ဒေသခံများနဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ လမ်းနယ်နိမိတ်သတ်မှတ်ဖို့ရယ်၊ လမ်းတွေ လိ်ုအပ်နေတဲ့ အကျယ်အဝန်းတွေ ရရှိဖို့ရန်အတွက်၊ ဒါတွေကို ပြင်ဆင်ရေးဆွဲပြီးတော့ မြေလျော်ကြေးတွေပေးသွားဖို့အတွက်ကို ဘတ်ဂျက်မှာ ထည့်သွင်း တွက်ချက်ဆောင်ရွက်သွားဖို့စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ် " ဟု ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့သည်။
















