ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို အဓိက ကစားသမားနှစ်ဦး ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သော်လည်း အိမ်ကွင်း၌ ရှမ်းယူနိုက်တက်ကို အကောင်းဆုံးတုံ့ပြန်သွားမည်ဟု ဟံသာဝတီယူနိုက်တက်နည်းပြချုပ် ဦးငွေထွန်းက စက်တင်ဘာ ၁၈ ရက်တွင် ပွဲကြိုစကားဆိုခဲ့သည်။
လွဲချော်မည်
ဟံသာဝတီ နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို စက်တင်ဘာ ၁၉ရက် ညနေ ၃နာရီခွဲတွင် ပဲခူးကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်ရာ ယင်းပွဲစဉ်ကို ဟံသာဝတီအသင်းတိုက်စစ်မှူး ဂျိုးဇက်နှင့် နောက်ခံလူကျော်နိုင်မြင့်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။ " ရှမ်းနဲ့ပွဲမှာ အသင်းရဲ့ အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ နိုင်ငံခြားသားတိုက်စစ်မှူး ဂျိုးဇက်နဲ့ နောက်ခံလူ ကျော်နိ်ုင်မြင့်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာပါ။ ဒါပေမဲ့ ဒီပွဲက အိမ်ကွင်းမှာကစားရမယ့် ပွဲဖြစ်လို့ ရှမ်းအသင်းကို အကောင်းဆုံးတုံ့ပြန်ပြီး နိုင်ပွဲရယူသွားမှာပါ" ဟု ဦးငွေထွန်းက ပြောဆိုခဲ့သည်။
ပစ်မှတ်ထား
ဆက်လက်ပြီး မိမိတို့အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင် တစ်ကျော့ပြန်လည် ဗိုလ်စွဲရန် ရည်မှန်းချက်ထားသလို နေရှင်နယ်လိဂ်ပြိုင်ပွဲတွင်လည်း ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန် ပစ်မှတ်ထားနေကြောင်း ၎င်းက တစ်ဆက်တည်း ပြောဆိုခဲ့သည်။ " ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမှာ တစ်ကျော့ပြန်လည်ဗိုလ်စွဲဖို့ ရည်းမှန်းထားပါတယ်။ဒါ့အပြင် နေရှင်နယ်လိဂ်ပြိုင်ပွဲမှာလည်း ထိပ်ဆုံးသုံးသင်းစာရင်းဝင်ဖို့အတွက် ဇွဲကပင်၊ဟံသာဝတီနဲ့ ရတနာပုံအသင်းတို့က အပြိုင်ဖြစ်နေတယ်။ အခွင့်အရေးက လက်တစ်ကမ်းမှာဖြစ်လို့ ထိပ်ဆုံးသုံးသင်းစာရင်းဝင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်" ဟု ဖွင့်ဟခဲ့သည်။
ပိုင်ဆိုင်နေ
ဟံသာဝတီအသင်းသည် ရှုံးထွက်ဒိုင်းချန်ပီယံဆုကို ၂၀၁၀ခုနှစ်တွင် ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ၈နှစ်အကြာတွင် တစ်ကျော့ပြန်ဆွတ်ခူးနိုင်ရန် အခွင့်အရေးကောင်းပိုင်ဆိုင်လျက်ရှိသည်။ ဟံသာဝတီအသင်းနည်းတူ ရှမ်းယူနိုက်တက်အသင်းမှာလည်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန်အတွက် အခွင့်အရေးကောင်းပိုင်ဆိုင်ထားသလို နေရှင်နယ်လိဂ်ချန်ပီယံဆုအတွက်လည်း နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။















