၂၀၁၉ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်လျက်ရှိသော မြန်မာယူ-၁၉အသင်းသည် အောက်တိုဘာတွင် ထိုင်းယူ-၁၉အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ပြည်တွင်း၌ ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အတည်ပြုချက်မရသေး
အဆိုပါခြေစမ်းပွဲနှစ်ပွဲကို သုဝဏ္ဏကွင်းတွင်ကစားရန် လျာထားသော်လည်း ကျင်းပမည့်နေ့ရက်နှင့် အချိန်ကိုမှုထပ်မံသတင်းထုတ်ပြန်ပေးမည်ဟုသိရသည်။ " အောက်တိုဘာလထဲမှာ ထိုင်းယူ-၁၉အမျိုးသမီးအသင်း ခြေစမ်းပွဲနှစ်ပွဲလာကစားဖို့ရှိပါတယ်။ ဘယ်နေ့တွေမှာကစားမလဲဆိုတာတော့ အတည်ပြုချက်မရသေးပါဘူး။ ထိုင်းနဲ့ခြေစမ်းပွဲပြီးရင်တော့ နောက်ထပ်ခြေစမ်းပွဲ ကစားဖို့မရှိတော့ပါဘူး" ဟု ဦးဘုန်းနိုင်ဇော်က ပြောဆိုခဲ့သည်။
ပျက်ပြယ်ခဲ့
မြန်မာယူ-၁၉အမျိုးသမီးအသင်းသည် အာရှယူ-၁၉ပထမအဆင့်ခြေစစ်ပွဲမတိုင်ခင်တွင် ပြည်ပနိုင်ငံတစ်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြေစမ်းရန် တင်ပြထားသော်လည်း ပျက်ပြယ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုင်းအသင်းနှင့်သာ ခြေစမ်းပွဲနှစ်ပွဲကစားခွင့်ရရန် စီစဉ်ခဲ့သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းနည်းပြ ဒေါ်သက်သက်ဝင်းက အာရှယူ-၁၉ပထမအဆင့်ကို ကျော်ဖြတ်နိုင်ရန် ယုံကြည်ထားသည်ဟု ပြောဆိုထားသည်။
တက်ရောက်ခွင့်ရမည်
အာရှယူ-၁၉အမျိုးသမီးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(စ)တွင် အီရန်၊ပါလက်စတိုင်း၊လာအိုအသင်းတို့နှင့်အတူကျရောက်လျက်ရှိပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာ ၂၄ရက်မှ ၂၈ရက်အထိ လက်ခံကျင်းပမည်ဖြစ်သည်။ အဆိုပါ ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စု၆ခုမှ ထိပ်ဆုံးတစ်သင်းစီနှင့် အကောင်းဆုံးအုပ်စု ဒုတိယနှစ်သင်းသာ ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။















