ရှမ်းပြည်နယ် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိနေအိမ်တစ်ခုသို့ ခိုးယူရန်အကြံဖြင့်ဝင်ရောက်လာသူက အိမ်ရှင် အမျိုးသားကို ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်ခဲ့မှု စက်တင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၆ နာရီခွဲအချိန်ခန့် ပုန်းထွန်ရပ်ကွက် (၃)လမ်းနှင့် (၄)လမ်းကြား အိမ်အမှတ် (၄/၁၁)နေအိမ်သို့ ခိုးယူရန် အကြံဖြင့် ပုန်းလျှိုးဝင်ရောက်လာပြီး အိမ်ရှင်ဖြစ်သူ စိုင်းဝန်းကျံ အသက် (၃၁)နှစ်က လုံးထွေးဖမ်းဆီးစဉ် ၄င်းအမျိုးသားက ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက် အိမ်ရှင်အမျိုးသမီးက ပတ်ဝန်းကျင်သို့ အကူညီတောင်းခံရန်အော်မည်ပြုစဉ် ခိုးယူရန်အကြံဖြင့်ဝင်ရောက်လာသူ အသက် ၃၀ အရွယ် အမျိုးသားက ရှမ်းဘာသာစကားဖြင့် တိတ်တိတ်နေရန် ပြောဆိုခဲ့သည်။
အခင်းဖြစ်နေအိမ်မှ မည်သည့်ပစ္စည်းမျှ မပါရှိခဲ့ကြောင်း သက်ဆိုင်ရာ၏စစ်ဆေးချက်များအရ သိရသည်။ ပတ်ဝန်းကျင်မျက်မြင်သက်သေများ၏ပြောဆိုချက်အရ အဆိုပါ အမျိုးသားမှာ မိုးကာအင်္ကျီဝတ် ဆင်ထားပြီးမျက်နှာတွင် Mask ဖုံးအုပ်ထားကြောင်း တွေ့ရသည်။ အိမ်ရှင်ဖြစ်သူ စိုင်းဝန်းကျံမှာ ယာဘက်ရင်အုံ၌ ဓားဒဏ်ရာရရှိခဲ့ပြီး တာချီလိတ်နာရေး ကူညီမှုအသင်း ၏အကူညီဖြင့် ထိုင်းနိုင်ငံမယ်ဆိုင်ဆေးရုံသို့ တင်ပို့ကုသထားရသည်။
အခင်းဖြစ်ပွားပြီးနောက် မသင်္ကာသူ အမျိုးသားကို တွေ့ရှိပါက သတင်းပေးနိုင်ရန် ၎င်း၏ ဓာတ်ပုံကို ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။
တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၅/၃၂၄ အရ အမှုဖွင့်ထားသည်။

















