ရန်ကုန်တိုင်းဒေသကြီး အုတ်ကျင်းဘူတာရုံ လမ်းရှိ ဒန်သတ္တုစက်ရုံသို့ နှစ်လက်မ ပိုက်လိုင်း ဖြင့်ပေးပို့သော သဘာဝဓာတ်ငွေပို့လွှတ်ခြင်းကို ရပ်ဆိုင်းထားကြောင်းနှင့် သမိုင်းချောင်းအား ဖြတ်သန်းဆက်သွယ်ထားသည့် ပိုက်လိုင်းကို ကမ်းပါးတစ်ဖက်တစ်ချက်မှ ဖြုတ်၍ပိတ်သိမ်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက စက်တင်ဘာ ၁၈ ရက်၌ ပြောဆိုသည်။
ပြန်လည်ဖြေဆို
လှိုင်မြို့နယ် အုတ်ကျင်းလမ်းပေါ်ရှိ တပ်မတော် ဒန်အိုးစက် ဂက်စ်ပိုက်လိုင်းများ ကို ပြုပြင်ထိန်းသိမ်းပေးရန်နှင့် ချောင်းဖြတ် ပိုက်အား ထိန်းသိမ်းပေးရန် အစီအစဉ်ရှိမရှိ၊ မရှိပါက အဘယ်ကြောင့်နှင့် ရှိပါကမည်သည့် အချိန်တွင် စတင်ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်းဖြင့် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ မေးမြန်းမှုကို ဝန်ကြီးဦးဟံထွန်းက ယင်းကဲ့သို့ ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
"သဘာဝဓာတ်ငွေ့ထိန်းဖြတ် ပူးပေါင်း အဖွဲ့က တပ်မတော်ဒန်သတ္တုစက်ရုံမှူးနဲ့ တွေ့ ဆုံပြီး ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်နေတဲ့ အကြောင်းနဲ့ ဓာတ်ငွေ့ပို့လွှတ်ထုတ်သုံးရန် မသင့်တော်တဲ့ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ တပ်မတော် ဒန်သတ္တု စက်ရုံမှူးတို့ကလည်း ဆွေးနွေးမှုကို သဘောတူလက်ခံကြောင်း၊ ပိုက်လိုင်းကို ဓာတ်ငွေ့ထုတ်လုပ်မှု ရပ်ဆိုင်းထားရန်နဲ့ ပိုက် လိုင်းအသစ် ဆက်သွယ်လဲလှယ်ခြင်း ပြုလုပ်ပြီး မှသာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပြန်လည် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ယင်းပိုက် လိုင်းကို စက်တင်ဘာ ၁၄ ရက်မှာ ပိတ်ခဲ့ပြီး ဖြစ်ပါတယ်။ အုတ်ကျင်းဘူတာရုံလမ်းရှိ ဒန်သတ္တုစက်ရုံသို့ ပေးပို့ထားသော နှစ်လက်မ ပိုက်လိုင်းကို သဘာဝဓာတ်ငွေ့ပို့လွှတ်ခြင်း ရပ်ဆိုင်းထားပြီးဖြစ်သလို သမိုင်းချောင်းအား ဖြတ်သန်းဆက်သွယ်ထားတဲ့ ဒီပိုက်လိုင်းကို ကမ်းပါးတစ်ဖက်တစ်ချက်ကနေ ဖြုတ်၍ ပိတ် သိမ်းထားပြီးဖြစ်ပါတယ်" ဟု ဝန်ကြီးကပြော ဆိုသည်။
ဓာတ်ငွေ့ယိုစိမ့်
ထို့အပြင် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးစခန်းမှ ကြီးကြပ် ရေးအင်ဂျင်နီယာအဖွဲ့နှင့် မရမ်းကုန်းမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းဖြတ်စခန်းမှ တာဝန်ခံအဖွဲ့တို့ ပူးပေါင်း၍ သမိုင်းဓာတ်အား ထိန်းဖြတ်ရေးစခန်းမှ အုတ်ကျင်း ဘူတာရုံ လမ်းရှိ တပ်မတော်ဒန်သတ္တုစက်ရုံသို့ ပေးပို့ ထားသော နှစ်လက်မသဘာဝဓာတ်ငွေ့ ပိုက် လိုင်းတစ်လျှောက်စစ်ဆေးခဲ့ပြီး အဆိုပါ ပိုက်လိုင်းသည် လှိုင်သာယာမြို့နယ် (၁၆) ရပ်ကွက်ရှိ ဦးအေး (၆) လမ်းနှင့် ပါရမီလမ်း ကြားတွင် အခြားယိုစိမ့်မှုတစ်ခုအပါအဝင် ဓာတ်ငွေ့ယိုစိမ့်မှုလေးနေရာကို တွေ့ရှိခဲ့ ကြောင်း ဝန်ကြီးဦးဟံထွန်းက ပြောဆိုသည်။
















