လွိုင်ကော်မြို့နယ်တွင် ရွှေထည်နှင့်ငွေ ၅၃ သိန်းကျော်ဖိုး နွားကျောင်းသားက ခိုးယူခဲ့မှုကို သက်ဆိုင်ရာက စက်တင်ဘာ ၁၈ ရက်တွင် ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် လွိုင်ကော်မြို့ နမ့်ဘော်ဝမ် (ခ)ရပ်ကွက်နေ မနီလာက သက်ဆိုင်ရာသို့လာရောက်တိုင်ကြားခဲ့သည်။ဖြစ်စဉ်မှာ ၎င်းသည် နံနက် ၅ နာရီအချိန်ခန့်က ခင်ပွန်းဖြစ်သူနှင့်အတူ ရေငုတ်တောင်ကွင်း မြောက်ဘက်ရှိ နွားမွေးမြူရေးခြံသို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ကြောင်း နံနက် ၉ နာရီအချိန်ခန့် နေအိမ်သို့ ၄င်းတစ်ဦးတည်းပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လာစဉ် နေအိမ်ခြံတံခါးသော့များပွင့်နေသဖြင့် အိမ်နီးချင်းများကို အကျိုးအကြောင်းပြောဆို ကာနေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ နေအိမ် အိပ်ခန်းအတွင်း မွေ့ယာအောက်ထားသည့် ဗီရို သော့တွဲများကြည့်ရှုရာ ဗီရိုသော့များ ပျောက်ဆုံးနေသည်ကို သိရသည်ဟု ဆိုသည်။
ဗီရိုကိုစစ်ဆေးခဲ့ရာ အံဆွဲအတွင်းထားရှိသည့် ငွေကျပ် ၇ သိန်း ပျောက်နေကြောင်း သိရသည်။ အပေါ်ထပ် အိပ်ခန်းတွင်းရှိသံသေတ္တာမှာသော့ပွင့်နေသဖြင့် စစ်ဆေးရာ ရွှေဆွဲကြိုး ၂ကုံး၊ ရွှေဆွဲသီး တစ်ခု၊ ကျောက်နီပါရွှေနားကပ် တစ်ရံ၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေထည်ပစ္စည်းတန်ဖိုး ၄၆၂၀ဝ၀ဝ ကျပ်နှင့် ငွေသား ၇သိန်း စုစုပေါင်းကျပ် ၅၃၂၀ဝ၀ဝ ဖိုးခန့် ပျောက်ဆုံးနေသည်ကိုတွေ့ရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
လွိုင်ကော်မြို့မရဲစခန်းက (ပ)၂၀၇/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ ပူးပေါင်းအဖွဲ့၏စုံစမ်းဖော်ထုတ်ချက်များအရ ပစ္စည်းခိုးယူသူမှာ လွန်ခဲ့သည့် တစ်လခန့်က တိုင်ကြားသူ၏ နွားခြံတွင် နွားကျောင်းသားလုပ်ကိုင်သူ ခရစ္စတိုဖာ (ခ) ခါးပါတ်ဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းကို ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။
















