၂၄ နာရီအတွင်း ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီး မည်ဟု ဒေါက်တာထွန်းလွင်ပြောဆို

၂၄ နာရီအတွင်း ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီး မည်ဟု ဒေါက်တာထွန်းလွင်ပြောဆို

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ရှိ ဖြစ်ပေါ်နေသာ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ၂၄ နာရီအတွင်း ဧရာဝတီအနောက်ဖက် ၊ ရခိုင် ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်  မိုးသက်လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီးနိုင်သည်ဟု မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က ၎င်း ၏လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့်ပြောဆိုထားသည်။

" မုန်တိုင်းငယ်ဟာ ကနဦးအစမှာ အရှေ့မြောက်ဖက်ကို အနည်းငယ်ရွေ့လျှားပြီးနောက် လမ်းကြောင်းပြောင်းပြီး အနောက်မြောက်ဖက်ဆီကို  ဦးတည်ရွေ့လျှားပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေကို  စက်တင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ် " ဟု ၎င်းကပြောဆိုသည်။

စက်တင်ဘာ ၂၀ ရက်၌ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်တွင်  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့၌ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ 

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင် ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။