ရန်ကုန်မြို့တွင်း ခရီးသည်တင် ဝိုင်ဘီအက်စ်ဘတ်စ်ကားစနစ်သစ်ကို ယခင်နှစ်၊ ဇန်နဝါရီလတွင် မိတ်ဆက်ခဲ့ပြီးနောက် ဘတ်စ်ကားလမ်းကြောင်းသစ်များနှင့် မရင်းနှီးသေးသည့် ခရီးသွားပြည်သူများအတွက် မြို့ပတ်ရထားများသည် အားထားစရာဖြစ်လာခဲ့ပြီး မီးရထားစီးသူ များပြားလာခဲ့သည်။
''မြို့ပတ်ရထားတွေကို တစ်နေ့ကို လူဦးရေ ၈ဝ,ဝဝဝ ဝန်းကျင်လောက်စီးနင်းကြတယ်'' ဟု မြန်မာ့မီးရထား တိုင်း (၇) မန်နေဂျာ ဦးဇော်လွင်က ယခုလ ၁၃ ရက်နေ့တွင်ပြောသည်။ ရထားကို အားကိုးစီးနင်းသူ များပြားလာသည့်အကြောင်းရင်းတွင် ကျပ် ၁ဝဝ မှ ၂ဝဝ အထိသာ ကုန်ကျသောရထားခသည် ဘတ်စ်ကားခထက် သက်သာခြင်းလည်းပါဝင်သည်။မြို့ပတ်ရထားများမှာ တစ်စီးနှင့်တစ်စီးအကြား အချိန်ကွာဟခြင်း၊ အချိန်နောက်ကျခြင်းများရှိသဖြင့် မြို့ပတ်ရထားအသုံးပြုသူများအဖို့ ဘူတာသို့ အချိန်မီရောက်ရှိရန် အရေးကြီးပေသည်။
ဘူတာသို့ကြိုမရောက်နိုင်သည့်အခါ ထွက်ခွာလုလု ရထားပေါ်သို့ ပြေးတက်သူများလာခြင်း၊ ရန်ကုန်ဘူတာကြီးမှသည် မြို့စွန်ဆင်ခြေဖုံးအထိ ရထားစီးနင်းသူများက ထိုင်ခုံနေရာရရှိရေးအတွက် ဘူတာသို့ ဆိုက်ရောက်လာသည့် ရထားအရှိန်မသတ်မီ သူ့ထက်ငါဦးအောင် ပြေးတက်ကြခြင်းတို့ကြောင့် သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်များ ဖြစ်ပွားမှုရှိနေသည်။လက်ရှိအသုံးပြုသည့် မြို့ပတ်ရထားဘူတာအဝင်ပလက်ဖောင်းများနှင့် အသစ်ဝင်ရောက်လာသည့် ဂျပန် ရထားတွဲဆိုင်း ခြေနင်းများ အံဝင်ခွင်ကျမှုမရှိခြင်းကလည်း ခရီးသည်များအဖို့ အတက်အဆင်း ဟန်ချက်ပျက်စေသည်။ အသက်ကြီးသူများအတွက်ဆိုလျှင် အတက်အဆင်းမလွယ်ကူလှပေ။
''မြို့တွင်းလမ်းပိုင်းဘူတာစကြøန်ပြင်ဆင်တာတွေလုပ်နေတာတွေ့ရတယ်။ တချို့နေရာတွေမပြီးသေးဘူး။ ပြင်ပြီးသားလမ်းပိုင်းတွေက အခုဂျပန်ကောင်(အာရ်ဘီအီး)နဲ့ ဆိုရင် စင်္ကြန်ကနိမ့်ပြီး ရထားခြေနင်းကမြင့်နေ တယ်။ တစ်ပြေးညီတော့မဟုတ်ဘူး။ အရင်လော်ကယ်ရထား(ခေါင်းပြာ)တွေဆိုရင် ရထားခြေနင်းနိမ့်ပြီး စင်္ကြန်က မြင့်နေတာတွေ့ရတယ်။ အဓိကရထားချိန်တွေမမှန်သေးဘူး။ အနည်းဆုံး ၁၅ မိနစ်လောက် နောက်ကျတယ်။ ၇ မိုင်ခွဲခရီးကို အချိန်တစ်နာရီနီးပါးမောင်းနေတာကလည်း မဖြစ်သင့်ဘူး'' ဟု သမိုင်းမြို့သစ်မှ ရန်ကုန်မြို့တွင်းသို့ ရထားစီးရုံးတက်သူ ကိုအောင်မော်ကပြောသည်။ ပုံသေသတ်မှတ်၍မရသည့် ရထားချိန်ကြောင့် မီရာရထားကို မလွတ်တမ်းလိုက်ပါရန် ကြိုးစားမှုများကြောင့်လည်း မတော်တဆမှုများဖြစ်ပွားခြင်းများရှိသည်။
''ရထားထွက်ခါနီး ရထားလက်မှတ်ဝယ်ပြီး အတင်းပြေးလိုက်လို့ ခြေနင်းကနေချော်ပြီး ရထားပေါ်က ပြုတ်ကျတယ်။ ရထားဘီးနဲ့ကြိတ်မိပြီး ခန္ဒာကိုယ်အစိတ်အပိုင်းတွေပြတ်တာကနေ အသက်သေဆုံးရတဲ့ အထိဖြစ်ကြတယ်။ ရထားအရှိန်မလျှော့ခင် ရထားပေါ်က စိတ်လောပြီးခုန်ဆင်းတဲ့အခါတွေမှာ လေဟတ်ပြီး ရထားဘီးအောက်ရောက်လို့ ကြိတ်မိပြီး သေတဲ့ပုံစံမျိုးတွေလည်းရှိတယ်'' ဟု ရထားရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
''တစ်ဖက်ကလာတဲ့ ရထားကိုစောင့်ရတဲ့ အချိန်တွေမှာ ရထားအရှိန်လျော့တာကြောင့် ဘူတာမရောက်ခင် ခုန်ဆင်းမိတယ်။ အန္တရာယ်ရှိမှန်းတော့သိပါတယ်။ အရှိန်လျော့နေတဲ့အတွက်ကြောင့် ကိုယ်သွားချင်တဲ့နေရာကို အဝေးကြီးလမ်းမလျှောက်ရဖို့ ခုန်ဆင်းမိတယ်။ ရထားဘူတာမှာ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့သူတွေကို ခရီးသည်အချင်းချင်းတွဲတင်၊ တွဲချရပြီး ကူညီပေးရတယ်။ ဒီလိုမှ မလုပ်ပြန်ရင် ဘူတာမှာရပ်တဲ့ အချိန်နဲ့ဆိုရင် နောက်လူတွေအတွက် အတက်အဆင်းအဆင်မပြေဘူး'' ဟု မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိပ်ကုန်းဘူတာမှ ပုဇွန်တောင်သို့နေ့စဉ်ရထားဖြင့် အလုပ်လာရောက်လုပ်ကိုင်သူ ကိုဝေလင်းကပြောသည်။
''အခုနောက်ပိုင်းအသစ်ဝင်လာတဲ့ ဂျပန်ရထားတွေက အတက်အဆင်းမြင့်တယ်။ ရထားဟောင်းတွေလောက် အတက်အဆင်းပေါက်မကျယ်ဘူး။ ဆင်းချိန်မှာသတိထားရတယ်။ ရထားတွဲဆိုင်းတွေပေါ်မှာ ရပ်တဲ့ခဏလေး စျေးတက်ရောင်းတဲ့စျေးသည်တွေရှိတယ်။ (စျေးသည်တွေက) ရထားထွက်တဲ့အချိန်မှ ရထားပေါ်က ခုန်ဆင်းတာတွေကလည်း မြို့ပတ်ရထားစီးတဲ့ လမ်းမှာမကြာခဏတွေ့နေရတယ်။ သူတို့အစားအန္တရာယ်ဖြစ်မှာကို စိုးရိမ်မိတယ်'' ဟု လှိုင်မြို့နယ်နေ ကျန်းမာရေးဆေးမှူးကိုကျော်သက်က ပြောသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့် မြို့ပတ်ရထားများ၏ ရထားချိန်ကို ယခုနှစ်၊ဖေဖော်ဝါရီ လမှ စတင်ပြောင်းလဲခဲ့ပြီး မြို့ပတ်ဘူတာ ၅၅ ဘူတာကို တစ်ရက်လျှင် တွဲဆိုင်း၂၅ ဆိုင်းပါရထားဖြင့် ခေါက်ရေ ၂၂၅ ခေါက် ပြေးဆွဲပေးနေသည်ဟု ဦးဇော်လွင်ကပြောသည်။
အခုနောက်ပိုင်းအသစ်ဝင်လာတဲ့ ဂျပန်ရထားတွေက အတက်အဆင်းမြင့်တယ်။ ရထား ဟောင်းတွေလောက် အတက်အဆင်းပေါက် မကျယ်ဘူး။ ဆင်းချိန်မှာ သတိထားရတယ်။
''အခုထိ အဲဒီအတိုင်းပါပဲ ပြောင်းလဲမှုမရှိပါဘူး။ ပုံမှန်ရထားက ဘူတာတစ်ခုမှ တစ်မိနစ်ရပ်တယ်။ ရုံးတက်ရုံးဆင်းနဲ့ ကျောင်းချိန်တွေမှာတော့ လူကုန်အောင် အဆင်းအတက်ပြုလုပ်ပြီးမှ ပြန်ထွက်တယ််'' ဦးဇော်လွင်ကပြောသည်။ရထားအတက်အဆင်းခြေနင်းတွင် ထိုင်စီးလိုက်ပါစဉ် အိပ်ငိုက်၍ ပြုတ်ကျသေဆုံးမှု၊ သံလမ်းကို ဖြတ်ကူးမှုနှင့် ရထားခေါင်မိုးတွင်စီးနင်းရာမှ သံလမ်းကူးတံတားပေါင်ဖြင့် တိုက်ကာပြုတ်ကျ သေဆုံးမှုများတွေ့ရကြောင်း ရထားရဲတပ်ဖွဲ့၏ မှတ်တမ်းများကဖော်ပြနေသည်။
''လှည်းတန်းဘူတာမှာ ရထားသံလမ်းနှစ်ခုကြားမှာ နားကြပ်တပ်ပြီး လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက် ရထားတိုက်ခံရတယ်။ ဒီနှစ် နှစ်ဆန်းပိုင်းလောက်ဖြစ်မယ်ထင်တယ်။ နားကြပ်တပ်ထားတော့ ဘေးနားက စျေးသည်တွေက ရထားလာနေတယ်လို့ လှမ်းအော်တဲ့ အသံကို သူမကြားဘူးလို့ ပြောကြတယ်၊ တိုက်မိတဲ့ အရှိန်ကြောင့် ခြေထောက်ပြတ်ပြီး သေသွားခဲ့တယ်'' ဟု ဖြစ်စဉ်ကိုမြင်တွေ့ရခဲ့သူ ကမာရွတ်မြို့နယ်နေ ဦးမောင်ထွန်းက ပြောသည်။၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရထားကြိတ်မိသေဆုံးမှု ၁၄ မှုရှိခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီမှသြဂုတ်လအထိ ရထားကြိတ်သေဆုံးမှု ၁၁ မှု ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏စာရင်းများအရ သိရသည်။
''ရထားလမ်းဘေးတစ်လျှောက် ရပ်ကွက်တွေမှာ အခြေအနေမဲ့သွားလာနေထိုင်သူတွေရှိတယ်။အရက်မူး၊ ဆေးသုံးပြီး ညပိုင်းရထားလမ်းပေါ်မှာအိပ်လေ့ရှိတာကြောင့် ရထားကြိတ်မိသေဆုံးမှုတွေလည်း ရှိတယ်'' ဟု မြန်မာ့မီးရထားတာဝန်ရှိသူတစ်ဦးကပြောသည်။ရထားဖြတ်သန်းစဉ် မိနစ်အနည်းငယ်ကြိုတင်၍သံလမ်းကူးတံခါးများပိတ်ဆို့မှုအပေါ် အချိန်နှောင့်နှေးသည်ဟုယူဆကာ ရထားနှင့်လွတ်မည်အထင်နှင့် ဖြတ်သန်းမောင်းနှင်အသုံးပြုခြင်းကြောင့် ရထားနှင့်ယာဉ်၊ ဆိုင်ကယ်တိုက်မှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။
''ဒီဖြစ်စဉ်မှာ ရထားကိုတိုက်တဲ့ ယာဉ်မောင်းနှင်သူကို မြန်မာ့မီးရထားဥပဒေနဲ့အရေးယူတယ်။ ဒီလမ်း ကူးတွေမှာ ရပ်၊ကြည့်၊ သွားဆိုတဲ့ လမ်းညွှန်အမှတ်အသားတွေထားပေးထားတယ်။ စည်းကမ်းမလိုက်နာကြ လို့ ရထားတိုက်မှုဖြစ်နေတယ်။ ဒီလိုဖြစ်လာပြီဆို ကာယကံရှင်၊ ရထားနဲ့ တိုင်းပြည်လည်း ထိခိုက်တယ်။ အဲဒီလိုမျိုးတွေမဖြစ်အောင် မြို့၊ နယ်၊ ရွာတွေမှာ မီးရထားဝန်ထမ်းတွေက အသိပညာပေးမှုတွေလုပ်နေတယ်။ ခရီးသွားပြည်သူတွေကလည်း ကိုယ်တိုင်စည်းကမ်းလိုက်နာရင် ဘေးအန္တရာယ်ကင်းစေမှာပါ'' တောင်တွင်းကြီးမြို့ ကုက္ကိုင်းဘူတာ (ရထားလမ်းခွဲကိုင်) ဦးသောင်းငွေက ပြောသည်။မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂ဝ၁၃—၁၄ ခုနှစ်တွင် ရထားနှင့် ယာဉ်တိုက်မှု ၃၅ မှု၊ ၂ဝ၁၄—၁၅ ခုနှစ်တွင် ၆၃ မှု၊ ၂ဝ၁၅—၁၆ ခုနှစ်တွင် ၇ဝ မှု၊ ၂ဝ၁၆—၁၇ ခုနှစ် တွင် ၆ဝ မှု နှင့် ၂ဝ၁၇—၁၈ ခုနှစ်တွင် ရှစ်လအတွင်း ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထား၏ စာရင်းများအရ သိရှိရသည်။
ခရီးသည်များသံလမ်းဖြတ်ကူးစဉ်နှင့် သံလမ်းပေါ်လျှောက်နေစဉ် သတိပြုမိစေရန်အတွက် မြို့ပတ်ရထားဘူတာများက ရထားဘူတာအဝင်နှင့် ရထားသံလမ်းကူး ကားလမ်းများ မရောက်မီ သတိပေးဥသြများ ယခင်ကထက် ပိုမိုအသုံးပြုလာကြောင်း၊ ရထားစီးနင်းသူများကို ဘူတာရထားရပ်မှသာ ရထားပေါ်မှဆင်းရန်ကိုလည်း စဉ်ဆက်မပြတ်ရထားဝန်ထမ်းများက အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ နေ့စဉ်ရထားဖြင့် ရုံးတက်ရုံးဆင်းပြုလုပ်သူ ကိုကြည်စန်းကပြောသည်။ယာဉ်၊ ဆိုင်ကယ်တိုက်မှုများသာမက ရထားသံလမ်းများအနီး လွှတ်ကြောင်းထားသည့်ကျွဲ၊ နွား တိရစ္ဆာန်များကြောင့်လည်း ရထားသွားလာမှုကို အဟန့်အတားဖြစ်စေသည်။ သြဂုတ်လအတွင်းကလည်း မန္တလေး −လားရှိုး အမှတ် ၁၃၁ အဆန်ရထားသည် ပြင်ဦးလွင်မြို့၊ တောင် ရတနာရပ်ကွက်အနီး ငါးရံ့ချောင်းသွားလမ်း ညောင်ပင်ကြီးအနီး ရထားလမ်းပေါ်သို့ရောက်ရှိနေသည့် ကျွဲကို တိုက်မိခြင်းကြောင့် ကျွဲသေဆုံးမှုဖြစ်ပွားခဲ့ပြီး ရထားစီးနင်းသူခရီးသည်များမှာမူ ဘေးအန္တရာယ်မှ လွတ်ကင်းခဲ့သည်။
ရထားလမ်းပေါ်တွင် လွှတ်ကျောင်းထားသည့်ကျွဲ၊ နွားများ ရထားတိုက်သေဆုံးသည့် အမှုများဖြစ်ပွားခဲ့ပါက ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပြင်ဆင်ခဲ့သည့် မီးရထားဥပဒေပါ ဒဏ်ကြေးနှင့် ပြစ်ဒဏ်ကြီးမြင့်မှုကြောင့် ပိုင်ရှင်မဲ့တိရစ္ဆာန်များအဖြစ် ပြုမူနေမှုများလည်းရှိသည်။ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၇၄ တွင် တိရစ္ဆာန်များကို ရထားလမ်းနယ်မြေအတွင်းသို့ မောင်းနှင်ခြင်း၊ ကျော်နင်းဝင်ရောက်ခြင်း၊ လွှတ်ကျောင်းခြင်းတို့မပြုရန် တားမြစ်ထားသည်။ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ပါက တိရစ္ဆာန်တစ်ကောင်လျှင် ၅ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်၊ တိရစ္ဆာန်ကို မောင်းသွင်းခြင်း၊ လွှတ်ကျောင်းမှုပြုသူကို တိရစ္ဆာန်တစ်ကောင်လျှင် တစ်သိန်းထက်မပိုသော ဒဏ်ငွေကို တပ်ရိုက်ရမည်ဟု ဖော်ပြထားသည်။
မြို့ပတ်ရထားလမ်းပိုင်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် ရထားလမ်းပိုင်းကို အုတ်တံတိုင်းခတ်ခြင်း၊ သံချိန်းလိတ်များ ကာရံထားသော်လည်း ရထားလမ်းစည်းကမ်းမဲ့အသုံးပြုသူများက ရထားသံလမ်းတစ်လျှောက် ကာရံထားသည့်ချိန်းလိတ်များကိုဖောက်ထွင်းကာ အလွယ်တစ်ကူ ဝင်/ထွက်အသုံးပြုရန် မလွယ်ပေါက်များ ဖောက်လုပ်ခြင်း၊ရပ်ကွက်နှစ်ခုအကြားဖောက်လုပ်ထားသည့် ရထားလမ်းပိုင်းကာ အုတ်နံရံများကို လှေကားများ၊ သဲအိတ်များ အသုံးပြုကာကျော်တက်ပြီး ရထားလမ်းကို ဖြတ်သန်းအသုံးပြုနေမှုများလည်း ရှိနေသည်။
''ရာသီဥတုဖောက်ပြန်မှုတွေကြောင့်ဖြစ်တဲ့ ကိစ္စတွေ (ရေကြီးမှု၊ ရထားလမ်းပျက်စီးမှု) ကို သံလမ်းပေါ်မောင်းရတဲ့ ရထားမောင်းတဲ့သူတွေအဖို့ အများပြည်သူရဲ့အသက်အန္တရာယ်မဖြစ်စေဖို့ ပိုပြီးတော့ အလေးထားရတယ်။ ရထားလမ်းတွေမှာ လူကူးတံတားတွေလုပ်ပေးတာတွေရှိတယ်။ သံလမ်းပေါ်စည်းကမ်းမဲ့ဖြတ်ကူးတာကြောင့် မကြာခဏရထားတိုက်လို့ သေတဲ့ကိစ္စတွေဖြစ်နေတယ်'' ဟု စက်ခေါင်းမောင်းလုပ်သက် ၁ဝ နှစ်ကျော်၊ ရထားဝန်ထမ်းလုပ်သက် ၃၆ နှစ်ရှိ စက်ဗိုလ်ဦးလှသန်းကပြောသည်။
''ရထားလမ်းပိုင်းတွေမှာ အကွေ့အကောက်တွေ ရှိပါတယ်။ အဲဒီအကွေ့အကောက်တွေကို အချက်ပြမြင်ကွင်း မကောင်းဘူးလို့ မှတ်ယူရတယ်။ သင်ကြားခဲ့ရတဲ့ လုပ်ငန်းလမ်းညွှန်ဥပဒေအရ အကွေ့အကောက်များတာ၊ ရာသီဥတိုဆိုးရွားချိန်၊ ဆီးနှင်းမကွဲချိန်နဲ့ မှောင်နေတဲ့အချိန်တွေမှာဆိုရင် ထိန်းထိန်းသိမ်းသိမ်း မောင်းရဖို့က ရထားစက်ခေါင်းမောင်းတဲ့ သူတစ်ယောက် တာဝန်ပါပဲ။ ဘူတာတစ်ခုနဲ့ တစ်ခုအကြား ထူးခြားဖြစ်စဉ်တွေကို အရင်တုန်းက ဆက်သွယ်ရေးစက်တွေအသုံးပြုပြီး သတင်းပေးရပေမဲ့ အခုဆိုရင် ဖုန်းတွေနဲ့ထူးခြားဖြစ်စဉ်တွေကို ရှေ့ဘူတာမှာ သတင်းပို့တဲ့တာဝန်ကို စက်ဗိုလ်က မဖြစ်မနေ ထမ်းဆောင်ရပါတယ်'' ဟု စက်ဗိုလ် ဦးလှသန်းကပြောသည်။
မီးရထားစီးခရီးသွားများဘေးန္တရာယ် ကင်းရှင်းစေရန် ရထားလမ်းပိုင်းပြုပြင်ဆောင်ရွက်မှုများကိုလည်း မီးရထားအင်ဂျင်နီယာဌာနက ဆောင်ရွက်နေကြောင်း ဦးဇော်လွင်ကပြောသည်။ရထားပို့ဆောင်ရေးဌာနမှ ရထားဘေးန္တရာယ်ကင်းရှင်းစေရေးအတွက် အများပြည်သူများသို့ပန်ကြားချက်များ၊ ရထားစီးနင်းသူ ခရီးသည်များလိုက်နာရန် အချက်များ၊ ရထားလမ်းပေါ်နှင့် လမ်းအနီးဝန်းကျင်တွင် နေထိုင်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်တို့ကို ဘူတာရုံများတွင် ချိတ်ဆွဲကာ အသိပေးနှိုးဆော်ထားပြီး တရားမဝင် ရထားသံလမ်းကူးများတွင်လည်း အသိပေးဆိုင်းဘုတ်များ စိုက်ထူကာ အသိပညာပေးခြင်း၊ စာသင်ကျောင်းများတွင်လည်း ရထားလမ်းနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို အလျဉ်းသင့်သလိုစီမံဆောင်ရွက်လျက်ရှိကြောင်း ဌာနတာဝန်ရှိသူများက ပြောသည်။

















